ကချင် အပစ်ရပ်ခေါင်းဆောင်များ နိုင်ငံရေးအဖွဲ့သစ်ဖွဲ့

ကချင်တိုင်းရင်းသား အပစ်အခတ်ရပ်စဲရေး ခေါင်းဆောင်များက ကချင်လူထုကို ကိုယ်စားပြုမည့် နိုင်ငံရေး အဖွဲ့သစ် တဖွဲ့ကို ဖွဲ့စည်း လိုက်ကြောင်း သိရသည်။
ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO) ၊ ကချင် ဒီမိုကရေစီသစ် တပ်မတော် (NDA-K) နှင့် ကချင် အတိုင်ပင်ခံ ကောင်စီ (KCC) တို့ပါဝင်သည့် အဆိုပါ အဖွဲ့ကို ယခုလအတွင်း ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး KIO ဒု ဥက္ကဌ (၂) ဒေါက်တာ တူးဂျာက ဦးဆောင်သည်ဟု ယင်းအဖွဲ့နှင့် နီးစပ်သူများက ပြောသည်။
KIO နိုင်ငံခြားရေးတာဝန်ခံနှင့် ဒု ဥက္ကဌ (၁) ဗိုလ်ချုပ် ဇော်ဆိုင်းက“ကချင်လူထုအနေနဲ့ နိုင်ငံရေးပါတီ ဖွဲ့စည်း လှုပ်ရှားမှုမှာ ပူးပေါင်း ပါဝင်လာနိုင်ရေးအတွက် အခု ဖွဲစည်းမှုက ပထမ ခြေလှမ်းဖြစ်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယခုဖွဲ့စည်းလိုက်သော အဖွဲ့တွင် အဖွဲ့ဝင် အနည်းဆုံး ၅၀ ခန့်ပါဝင်ပြီး KIO နှင့် NDA-K အဖွဲ့များမှ ကိုယ်စား လှယ် ၁၀ ဦး စီ ပါဝင် ကြောင်း၊ KCC အဖွဲ့နှင့် တခြားသော အရပ်သားအဖွဲ့များက ဆက်သွယ်ပါဝင်လာရန် ကျန် ရှိသေးကြောင်း၊ အဖွဲ့၏ အမည်ကိုလည်း မရွေးချယ်ရသေးကြောင်း ၎င်းက ဆိုသည်။
“ဒီ အဖွဲ့ကို တရားဝင် နိုင်ငံရေးပါတီအဖြစ် ဖွဲ့စည်းခွင့်ရခဲ့ရင်တော့ အဖွဲ့အမည် ပေးရမှာပါ”ဟု ဗိုလ်ချုပ်ဇော်ဆိုင်း က ပြောဆိုသည်။
အဖွဲ့ဝင်များအနေနှင့် အသွင်ကူးပြောင်းရေးကာလ တခုအတွက် နောက်ဆုံးအချိန်အထိ နိုင်ငံရေး ပါတီတရပ်၏ တာဝန် များကို ထမ်းဆောင်ပြရမည်ဖြစ်ကြောင်းနှင့် ကချင်လူထု၏ စည်းလုံးမှုနှင့် ကူညီထောက်ပံ့မှုများရရှိရေး အတွက် စည်းရုံး ဆောင်ရွက်သွားရန် အစီစဉ်ရှိသည်ဟုလည်း ဆိုသည်။
ယင်းအဖွဲ့သည် ၂၀၁၀ ခုနှစ်တွင် မြန်မာ စစ်အစိုးရက ပြုလုပ်မည့် ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေခြင်း ဖြစ်ကြောင်းနှင့် စစ်အစိုးရအနေနှင့် ယခုကဲ့သို့ နိုင်ငံရေး ပါတီဖွဲ့စည်းခွင့် ပေးမည်မပေးမည် ဆိုသည်ကို မသေချာ သေးကြောင်းလည်း သိရသည်။
ဇူလိုင်လ ၂၃ ရက်နေ့တွင် တရုတ် မြန်မာ နယ်စပ် အနီး ကချင်ပြည်နယ် လိုင်ဇာ မြို့၌ ကချင် ခေါင်းဆောင်များက ယခု အဖွဲ့သစ်နှင့် ကချင်လူထု မိတ်ဆက်ပွဲ ပြုလုပ်ခဲ့ရာ KIO ၊ NDA-K နှင့် KCC အဖွဲ့ဝင်များ အပါအ၀င် ပရိသတ် ၈၀၀ ခန့် တက်ရောက်ခဲ့သည်ဟု တက်ရောက်ခဲ့သူတဦးက ဆိုသည်။
ယခုအဖွဲ့သစ်သည် နိုင်ငံရေးပါတီအနေနှင့် ဦးတည်ရည်မှန်းသည့်အတိုင်း လွယ်ကူချောမွေ့စွာဖြင့် အောင် အောင်မြင်မြင် လုပ်ဆောင်သွားနိုင်ရန် ထောက်ပံ့ကူညီမှုများရရှိနိုင်မည်ဟု မထင်မြင်မိကြောင်းကို KIO ခေါင်း ဆောင်များနှင့် နီးစပ်သူ တဦးဖြစ်သည့် မာဂရမ် က ပြောသည်။
ပြီးခဲ့သော မေလ ကပင် ဖွဲ့စည်းနေသည်ဟု ယူဆရသော ယင်းအဖွဲ့နှင့် ပတ်သက်ပြီး KIO လက်အောက်ခံ ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့ဝင်များနှင့် KIO အောက်ခြေ အဖွဲ့ဝင်များ၏ အတိုက်အခံ ပြုလုပ်လိုမှုများကိုတွေ့မြင် ရကြောင်းနှင့် ထိုသို့ သဘောထားကွဲလွဲမှုများ ရှိနေသောကြောင့် KIO ခေါင်းဆောင် များအနေနှင့် နိုင်ငံရေးပါတီဖွဲ့စည်းရေး အတွက် တခြားသော နည်းလမ်းကို ရှာဖွေရဖွယ်ရှိကြောင်းလည်း ၎င်းက ပြောဆိုသည်။
KIO အဖွဲ့သည် ၁၉၉၀ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်ပြီး ၁၉၆၁ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။
အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသားအဖွဲ့များအနေနှင့် နိုင်ငံရေးပါတီ အဖြစ် ပြောင်းလဲဖွဲ့စည်း လိုပါက လက်နက် စွန့်လွှတ်ရမည်ဖြစ်ကြောင်းနှင့် စာရင်းရှိ လက်နက်ကိုင် တပ်ဖွဲ့ဝင်များအားလုံးကို အထူး ရဲ တပ်ဖွဲ့ (ပြည်သူ့စစ်) ပုံစံ ပြောင်းလဲရမည်ဖြစ်ကြောင်း စစ်အစိုးရက တိုက်တွန်းမှုများရှိသည်ဟုလည်း KIO နှင့် နီးစပ် သူများက ပြောဆိုသည်။တိုင်းရင်းသား အပစ်ရပ်အဖွဲ့များအနှေင့် ယင်းသို့ လက်နက်စွန့်ရန် မဆုံးဖြတ်ပါက စစ်အစိုးရပြုလုပ်မည့် ရွေးကောက်ပွဲ ၀င်ခွင့်နှင့် နိုင်ငံရေးပါတီ ဖွဲ့စည်းခွင့်ကို ငြင်းပယ်ခံရဖွယ်ရှိကြောင်း သိရှိရသည်။
ဧရာဝတီ ဇူလိုင် ၂၉၊ ၂၀၀၈

ဖျက်သိမ်းခံဘဏ်တို့မှ ငွေလာမထုတ်ပါက နိုင်ငံပိုင်အဖြစ်သိမ်းမည်

ဖျက်သိမ်းခံထားရသည့် မြန်မာမေဖလားဝါးဘဏ်နှင့် အာရှဓနဘဏ်များမှ အပ်နှံငွေများလာ မထုတ်ယူပါက ယခုနှစ်အကုန်တွင် နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူမည်ဟု အဆိုပါဘဏ်များ၏ စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိက စစ်အစိုးရပိုင် သတင်းစာများမှတဆင့် ကြေညာထား သော်လည်း ငွေအပ်နှံသူများ မည်သည့်အတွက် မထုတ်သေးသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ဘဏ်အပ်နှံငွေအမျိုးမျိုးနှင့် အခြားပေးရန် တာဝန်များကို ဘဏ်၏ စာရင်းရှင်းလင်း ဖျက်သိမ်းရေး အရာရှိလက်မှ ရန်ကုန် ကော်လိတ္တော် အရာရှိထံသို့ အပ်နှံပြီးဖြစ်ကြောင်း၊ အမှတ် (၆၂)၊ ဒုတိယ ထပ်၊ ပန်းဆိုးတန်းလမ်းရှိ ရန်ကုန် ကော်လိတ္တော်အရာရှိ (ကုမ္ပဏီများဆိုင်ရာ အခွန်ရုံး ဌာနမှူး) ထံတွင် အထောက်အထား အပြည့်အစုံဖြင့် တောင်းခံထုတ်ယူနိုင်ကြောင်း ကြေညာချက်တွင် ပါရှိသည်။
သတင်းစာတွင် ထည့်သွင်းကြေညာသည့်ရက် ဇူလိုင် (၁၉) ရက် မှစ၍ ၂၀၀၈ခု ဒီဇင်ဘာ (၃၁) ရက် အတွင်း လာမထုတ်လျှင် နိုင်ငံတော်ဘဏ္ဍာအဖြစ် ပေးသွင်းမည် ဖြစ်သည်ဟုလည်း ပါရှိသည်။ငွေအပ်နှံထားသူတို့အနေဖြင့် ကိုယ်တိုင် လာရောက်ထုတ်ယူရန်၊ ငွေစုစာအုပ်၊ မှတ်ပုံတင်မူရင်း၊ ငွေစာရင်းအမှတ်နှင့် ငွေအပ်နှံထားခြင်းဆိုင်ရာ အခြားအထောက်အထားများ တင်ပြရန် လိုအပ် ကြောင်း သိရသည်။ အထောက်အထားများ ပြည့်စုံမှုရှိမရှိ ဘဏ်များတွင် စိစစ်စေပြီးနောက် ငွေ ထုတ်ခွင့်အမိန့်ကို ရန်ကုန် ကော်လိတ္တော်အရာရှိက ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပါရှိသည်။ယင်းဘဏ်တို့ ပိတ်သိမ်းခံရစဉ်ကတည်းက ငွေအပ်နှံသူများကို ငွေပြန်ထုတ်ပေးခဲ့သော်လည်း ယခုနောက်ဆုံးအကြိမ်အဖြစ် ကြေညာခြင်းဖြစ်ကြောင်း ရန်ကုန်ရှိ အကြီးတန်း စီးပွားရေးသတင်း ထောက်တဦးက ပြောသည်။၎င်းက “ခုဟာက နောက်ဆုံးစာရင်းရှင်း ဖျက်သိမ်းရေးအဖွဲ့က နောက်ဆုံးဘိတ် ခေါ်တာပေါ့နော်။ ဒါပြီးရင် ဘာမှ လက်မခံတော့ဘူး။ ဘဏ်ကတော့ ပိတ်သွားပြီ။ ရုံးခန်းလည်း မထားတော့ဘူး။ လူတွေနဲ့ ဆက်ဆံတဲ့ဟာလည်း ပိတ်သွားတာ ကြာလှပြီ်။ ငွေမထုတ်ပဲ ကျန်တဲ့လူကတော့ မရှိ သလောက်ပဲ။ အထောက်အထား မပြည့်စုံတဲ့သူသော်လည်းကောင်း ငွေပမာန နည်းလို့ (၂) သောင်း (၃) သောင်းလောက်နဲ့ အလုပ်ရှုပ်ခံပြီး သွားမထုတ်တာလည်း ဖြစ်ရင်ဖြစ်မယ်။ ငွေပမာဏများတဲ့ ဟာတွေကတော့ တော်တော်များများ ထုတ်ပြီးကြပါပြီ” ဟု ပြောသည်။
မြန်မာမေဖလားဝါးဘဏ်နှင့် အာရှဓနဘဏ်နှစ်ခုကို ထိုဘဏ်များကိုယ်တိုင် ငွေမဲခ၀ါချသည့် လုပ်ငန်းများ လုပ်ကိုင်သည့်ဘဏ်များအဖြစ် သံသယရှိကြောင်း ၂၀၀၃ ခု နိုဝင်ဘာလတွင် အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနက သတ်မှတ်ကြေညာခဲ့သည်။
တဆက်တည်းမှာပင် အမေရိကန်ငွေကြေးအဖွဲ့အစည်းများသည် အဆိုပါ ဘဏ်နှစ်ခုအပါအ၀င် ၎င်းဘဏ်များနှင့် ဆက်စပ်နေသည့် ဘဏ်စာရင်းများနှင့်ပါ အဆက်အသွယ်ဖြတ်ရန် အဆိုပြုချက် ကိုပါ အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။ မြန်မာမေဖလားဝါးဘဏ်နှင့် အာရှဓနဘဏ် နှစ်ခုပါဝင်နေသည့် ဘဏ်စာရင်းများကိုမူ ခြွင်းချက်မရှိ ပိတ်ရမည်ဟုပါ ကြေညာ ထားသည်။
မကြာခင် မြန်မာစစ်အစိုးရ သတင်းစာများက အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန် ချက်ကို မှားယွင်းသည့်သဘောထားဆိုပြီး ပြောဆိုသည့်ပြင် မျှတမှုမရှိဟု တုံ့ပြန်ခဲ့သည်။ မကြာခင် ထိုဘဏ်နှစ်ခုကို စစ်အစိုးရက စစ်ဆေးပိတ်ပစ်ခဲ့သော်လည်း မည်သူတဦးကိုမှ ငွေမဲခ၀ါချမှုအတွက် ယနေ့တိုင် အရေးယူခဲ့ခြင်း မရှိပေ။
ပီတာအောင်/ ၂၉ ဇူလိုင် ၂၀၀၈

အမေရိကန်သမ္မတကတော် မဲဆောက်လည်ပတ်မည်


ရွှေ့ပြောင်းမြန်မာ ကလေးငယ်များ၏ ပညာရေး၊ ကျန်းမာရေး ကိစ္စများ တိုးတက်ရေး ပိုမိုကူညီမှု ပေးနိုင်ဖို့အတွက် အမေရိ ကန်သမ္မတကတော် လော်ရာဘုရှ် လာမည့်လ (၇) ရက်နေ့တွင် မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းသို့ လာရောက်မည် ဖြစ် သည်။
မယ်တော်ဆေးခန်း တာဝန်ခံ ဒေါက်တာစင်သီယာမောင်က “ကျမတို့ဆေးခန်းကို နောက်လ (၇) ရက်နေ့လာမယ်။ မဲဆောက်ဒေသအတွင်းမှာရှိတဲ့ မြန်မာရွှေ့ပြောင်းကျောင်း တွေမှာ ဘော်ဒါ ဆောင်နေတဲ့ မြန်မာကလေး (၁,၅၀၀) နဲ့

ပြည်တွင်းက ကလေး (၁,၀၀၀) အတွက် လော်ရာဘုရှ်တို့အဖွဲ့က မနှစ်ကစပြီး ထောက်ပံ့ကူညီမှု ပေးတယ်။ အဲဒါနဲ့ ဆက်စပ်ပြီး ဒီက အခြေအနေကို လာရောက်လေ့လာတာ ဖြစ်တယ်လို့ သိရ တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။


၎င်းကလေးငယ်များအတွက် ထောက်ပံ့မှုများကို နိုင်ငံတကာ ကယ်ဆယ်ရေးကော်မတီ (IRC) မှတဆင့် မယ်တော်ဆေးခန်းသို့ ပေးပို့လှူဒါန်းခြင်းဖြစ်ပြီး နယ်စပ်နှင့် ပြည်တွင်းမှ အဆောင်နေ မြန်မာကလေးငယ်များအတွက် သူမတို့အဖွဲ့မှ ကူညီပေးခြင်းဖြစ်ကြောင်း မယ်တော်ဆေးခန်း တာဝန်ခံက ပြောသည်။
လော်ရာဘုရှ်၏ ခရီးစဉ်နှင့် ပတ်သက်၍ မဲဆောက်မြို့ပိုင် နိုင်ကော်ကယ်ကျူလားဖန်းက “အမေရိ ကန်သမ္မတကတော် (၇) ရက်နေ့ မဲဆောက်ကိုလာမယ်။ သူ့ရဲ့ရှေ့ပြေးလူ (၃၀) မနက်ဖြန် ရောက် ပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်မှာဖြစ်တယ်” ဟု အတည်ပြု ပြောသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမား ပညာရေးကော်မတီ (BMWEC) ဥက္ကဋ္ဌ ဆရာမ နော်ဖောရေ က “လာမယ့် (၇) ရက်နေ့ သူနဲ့တွေ့ရင် ရွှေ့ပြောင်းကလေးတွေရဲ့ ပညာရေးသင်ကြားမှု အနေအထား ကို ဒီလောက်နဲ့ မရပ်စေချင်ဘူး။ ဒီထက်ဆက်ပြီး ဆုံးခန်းတိုင် ပညာသင်ကြားခွင့် ရဖို့ဆိုတဲ့ အခွင့် အရေးကို ကူညီဖို့ တိုက်တွန်းမယ်” ဟု ပြောသည်။
မယ်တော်ဆေးခန်းနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမား ပညာရေးကော်မတီအဖွဲ့များက လော်ရာ ဘုရှ်အား နယ်စပ်ကျန်းမာရေးနှင့် ပညာရေး အခြေအနေများအား ရှင်းပြမည်ဖြစ်သည်။
မဲဆောက်ဒေသအတွင်း မဲဆောက်၊ မဲလမတ်၊ ဖို့ဖတ်၊ သုံးမြို့နယ်တွင် မြန်မာကလေးငယ်ရွှေ့ ပြောင်း စာသင်ကျောင်း (၅၄) ကျောင်းရှိပြီး ရွှေ့ပြောင်းမြန်မာကလေးငယ် (၁၀,၀၀၀) ခန့် ပညာသင်ကြားလျက်ရှိသည်ဟု BMWEC ၏ စစ်တမ်းက ဖော်ပြထားသည်။
NEJ/ ၂၉ ဇူလိုင် ၂၀၀၈



သမ္မတဘုရှ် ထိုင်းနိုင်ငံခရီးစဉ်အတွင်း မြန်မာ့အရေးလှုပ်ရှားသူများနှင့် တွေ့နိုင်ဖွယ်ရှိ

လာမယ့် ဇန်န၀ါရီလကျရင် သမ္မတ သက်တမ်း ကုန်ဆုံးတော့မှာဖြစ်တဲ့ အမေရိကန်သမ္မတ ဂျော့ဒဗလျူဘုရှ် သူ့ရဲ့ နောက်ဆုံးအကြိမ် သမ္မတ ခရီးစဉ်အဖြစ်နဲ့ အာရှနိုင်ငံတွေကို သွားရောက်ဖို့ရှိပါတယ်။ ထိုင်းနိုင်ငံကို အရင်ဆုံး သွားရောက်မှာဖြစ်ပါတယ်။သူ့ရဲ့ထိုင်းနိုင်ငံခရီးစဉ်အတွင်း မြန်မာနိုင်ငံက ဒီမိုကရေစီရေး လှုပ်ရှားသူတချို့နဲ့တွေ့ဆုံကောင်း တွေ့ဆုံနိုင်တယ်လို့ ဘန်ကောက်ကလာတဲ့ သတင်းတချို့ကို ကိုးကားပြီး၂၈ ရက်နေ့ထုတ် မဇ္စျိမသတင်းမှာ ဖော်ပြပါတယ်။
သြဂုတ်လ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ သွားရောက်မယ့် အမေရိကန်သမ္မတရဲ့ ထိုင်းနိုင်ငံခရီးစဉ်အတွင်း သမ္မတကတော် လော်ရာဘုရှ်လည်း သူနဲ့အတူ လိုက်ပါမှာဖြစ်ပါတယ်။ သမ္မတနဲ့ သမ္မတကတော် နှစ်ဦးစလုံးတို့ဟာ မြန်မာ့အရေးနဲ့ ပတ်သက်လို့တက်တက်ကြွကြွ ပြောဆို ဆွေးနွေးလေ့ရှိကြသူတွေပါ။ အခုလည်း သူတို့ရဲ့ ထိုင်းနိုင်ငံခရီးစဉ်အတွင်း မြန်မာ့အရေး လှုပ်ရှားသူတချို့နဲ့ တွေ့ကောင်းတွေ့နိုင်တယ် ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတာပါ။ သမ္မတ အိမ်ဖြူတော်ကတော့ သမ္မတရဲ့ ခရီးစဉ်အသေးစိတ် အပြီးသတ် မဆွဲရသေးတာကြောင့် ဒါနဲ့ပတ်သက်လို့ အတည်မပြုနိုင်သေးတဲ့အကြောင်း ဗွီအိုအေကိုပြောပါတယ်။
သမ္မတဘုရှ်အနေနဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေနဲ့ တွေ့မယ့်မတွေ့ဘူးဆိုတာ မသေချာပေမယ့် သမ္မတဘုရှ်အနေနဲ့ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံကိုရောက်တုန်း မြန်မာနိုင်ငံနဲ့ပတ်သက်လို့ တိုက်တွန်းပြောကြားတာမျိုးတွေတော့ လုပ်နိုင်တယ်လို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်နေတဲ့ USCampaign for Burma အဖွဲ့ရဲ့ မူဝါဒရေးရာ ညွှန်ကြားရေးမှူး ဦးအောင်ဒင်က အခုလိုသုံးသပ်ပါတယ်။
“သမ္မတဘုရှ်က ထိုင်းမှာ နှစ်ရက်ထဲခင်ဗျ။ ဆိုတော့ ဒီနှစ်ရက်အတွင်းမှာ သူ့ အနေနဲ့ထိုင်းဘုရင်မင်းမြတ်နဲ့ တွေ့ဆုံဖို့ရှိတယ်၊ ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံမယ်၊ တခြားအစည်းအဝေးတွေ တက်မယ်ပေါ့နော်။ သူ့ရဲ့ Schedule (ခရီးအစီအစဉ်) က ကျနော်တို့ သိသလောက်ဆိုရင် တော်တော်ကြီးကို ကျပ်ပါတယ်။
“အဲဒီတော့ သမ္မတအနေနဲ့ ဘန်ကောက်မှာရှိတဲ့ မြန်မာအတိုက်အခံတွေကို တွေ့ ဆုံဖို့ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာ ကျနော် မသေချာပါဘူး။ ကြိုးစားမယ်လို့တော့ ထင်ပါတယ်။အနည်းဆုံး သူ့ရဲ့ကိုယ်စားလှယ်တွေကို စေလွှတ်ပြီးတော့ တွေ့ခိုင်း တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
“အလားတူပဲ ကျနော်တို့သိသလောက် First Lady အနေနဲ့လည်း မဲဆောက်ကို သွားပြီးတော့ လေ့လာနိုင်တယ်၊ ဒေါက်တာစင်သီယာမောင်ရဲ့ ဆေးခန်းတို့၊ နောက်တခါ တခြားနေရာတွေပေါ့နော်၊ ဒုက္ခသည်စခန်းတို့ သွားကြည့်ချင်တဲ့ ဆန္ဒလည်းရှိတယ်။
“သို့သော်လည်း တကယ့်တကယ်မှာကျတော့ အချိန်က အရမ်းကို တိုတောင်းတဲ့ အခါကျတော့ သူ တကယ် ကိုယ်တိုင်ကိုယ်ကျ သွားရောက်ဖို့ဆိုတာ ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာ ခုထိ ကျနော်တို့ မသေချာသေးပါဘူး။
“သို့သော်လည်း သမ္မတဘုရှ်အနေနဲ့ ထိုင်းကို ရောက်တဲ့အချိန်မှာ သေချာတာက တော့သူ့ရဲ့ မိန့်ခွန်းတွေအားလုံးမှာ မြန်မာပြည် ဒီမိုကရေစီရေး လှုပ်ရှားမှု အကြောင်းကိုတကယ့်ကို အလေးအနက်ထားပြီး ပြောဆိုသွားမယ်၊ မြန်မာ့ အရေးကိစ္စနဲ့ပတ်သက်ပြီးတော့ အာဆီယံနိုင်ငံများက ဒီ့ထက်မက ပိုပြီးတော့ ဖိအားပေးမှုတွေလုပ်အောင် တိုက်တွန်းသွားမယ်၊ နောက် မြန်မာပြည်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် အမေရိကန်ပြည်ထောင်စုရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ထပ်ခါထပ်ခါ သူ ထပ်လောင်းပြောကြားသွားမယ်။ ဒါတွေတော့သေချာပါတယ်။
“နောက် တချိန်ထဲမှာပဲ ထိုင်းအစိုးရကိုလည်း ထိုင်းနိုင်ငံမှာရောက်နေတဲ့ မြန်မာအတိုက်အခံများရဲ့ လုံခြုံရေးနဲ့ပတ်သက်လို့ သူ့ရဲ့ စိတ်ပူပန်မှုတွေကိုလည်း သူဖော်ထုတ်ပြောကြားလိမ့်မယ်လို့ ကျနော်တို့ယူဆပါတယ်။”
ဟုတ်ကဲ့၊ သမ္မတဘုရှ်က နောက် ခြောက်လလောက်ကျရင် သမ္မတသက်တမ်း ကုန်ဆုံးတော့မှာဆိုတော့ နောက်တက်လာမယ့် သမ္မတ အနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်လာရင် တက်တက်ကြွကြွ ဆောင်ရွက်လိမ့်မယ်လို့ ထင်ပါသလားရှင့်။ ဒီ မြန်မာနိုင်ငံအပေါ်ထားတဲ့ အမေရိကန်ရဲ့ မူဝါဒတွေ ထူးထူးခြားခြား ပြောင်းသွားနိုင်တဲ့ အနေအထားမျိုးရော ရှိနိုင်ပါသလား။
“ကျနော်တို့ နားလည်သလောက် အခု ဒီ သမ္မတလောင်းနှစ်ယောက် ရှိတယ်ပေါ့ဗျာ။ဒီမိုကရက်ပါတီက ဘရက် အိုဘားမားနဲ့ ရီပတ်ဘလီကန်ပါတီက ဆီနေတာ မက်ကိန်းနှစ်ယောက်ရှိတယ်။ နှစ်ယောက်စလုံးက မြန်မာ့အရေးနဲ့ ပတ်သက်လို့ ရှိရင် အင်မတန်မှတက်ကြွကြတဲ့ လူပုဂ္ဂိုလ်တွေပါ။
“အထက်လွှတ်တော်မှာ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေ ကျနော်တို့အများကြီး ကြိုးစားခဲ့ကြတယ်။ အထူးသဖြင့် မြန်မာစစ်အစိုးရ စီးပွားရေး ပိတ်ဆို့အရေးယူမှုတို့၊ အခုနောက်ဆုံးလုပ်ခဲ့တဲ့ ကျောက်မျက်ရတနာပစ္စည်းတွေ တင်သွင်းတာ ပိတ်ပင်ဖို့တို့၊ ဒေါ်အောင်ဆန်းစုကြည်ကို ကွန်ဂရက်ကနေပြီးတော့ ဂုဏ်ထူးဆောင် ရွှေတံဆိပ်ပေးဖို့တို့ စသည်ဖြင့်ပေါ့ဗျာ၊ ကွန်ဂရက်ကနေပြီးတော့ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကျဖို့ ကြိုးစားတဲ့နေရာမှာ နှစ်ယောက်စလုံးက ရှေ့တန်းကနေတက်တက်ကြွကြွ ဦးဆောင်ပါဝင် ထောက်ခံ ခဲ့ကြတာပါ။
“နောက် ခုချိန်မှာလည်း သူတို့ ပြီးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျသက်တမ်း နအဖကတိုးတာကို ဆီနေတာမက်ကိန်းအနေနဲ့ရော၊ ဆီနေတာအိုဘားမားအနေနဲ့ရော ပြင်းထန်တဲ့ကြေညာချက်တရပ်စီ ထုတ်ပြန်ပြီး တော့ နအဖစစ်အစိုးရကို ပြစ်တင် ရှုတ်ချခဲ့ကြတာပါ။
“နောက် ဆီနေတာမက်ကိန်းရဲ့အဖွဲ့ထဲမှာရော၊ ဆီနေတာအိုဘားမားရဲ့ အဖွဲ့ထဲမှာရောမြန်မာ့အရေးကိစ္စ အင်မတန်မှ ထောက်ခံအားပေးတဲ့ပုဂ္ဂိုလ်တွေက ၀င်ရောက်ပြီးလှုပ်ရှားနေကြတာပါ။
“ဆိုတော့ သမ္မတဘုရှ်အနားယူသွားပြီး သမ္မတသစ်တက်လာတဲ့အချိန်မှာ မြန်မာပြည်ရဲ့ဒီမိုကရေစီရေးလှုပ်ရှားမှုအပေါ်မှာ သဘောထား ထူးထူးခြားခြား ပြောင်းလဲလိမ့်မယ်လို့ကျနော်မထင်ပါဘူး။”
US Campaign for Burma အဖွဲ့ မူဝါဒရေးရာ ညွှန်ကြားရေးမှူး ဦးအောင်ဒင် ပြောပြခဲ့တာပါ။
ထိုင်းနဲ့ အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး နှစ်ပေါင်း ၁၇၅ နှစ်ပြည့် အထိမ်းအမှတ်ဂုဏ်ပြုဖို့အတွက် အဓိက ရည်ရွယ်ချက်နဲ့ သမ္မတ ဘုရှ် အခုလို ထိုင်းနိုင်ငံကို လာရောက်မှာဖြစ်ပြီး ခရီးစဉ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ဒေသတွင်းဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးသွားဖို့ရှိသလို အမေရိကန်နိုင်ငံရဲ့ အာရှဒေသဆိုင်ရာ မူဝါဒတွေနဲ့ပတ်သက်တဲ့ အရေးကြီးတဲ့မိန့်ခွန်းတရပ် ပြောကြားဖို့ရှိတယ်လို့ ၀ါရှင်တန်ဒီစီ ထိုင်းသံရုံးရဲ့ နိုင်ငံရေးရာ တာဝန်ခံ တန်နီ ဆန်ဂရက် (TaneeSangrat) က ပြောပါတယ်။ သမ္မတဘုရှ်ရဲ့ ခရီးစဉ်ကနေ နှစ်နိုင်ငံအကြား ရင်းနှီးချစ်ကြည်မှုတွေ ပိုပြီး တည်ဆောက်မှာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
သြဂုတ်လ ၇ ရက်နေ့မှာ သမ္မတ ဘုရှ် ထိုင်းနိုင်ငံကနေ ထွက်ခွာမှာဖြစ်သလို သြဂုတ်လ၈ ရက်နေ့ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ကျင်းပတဲ့ နွေရာသီ အိုလံပစ်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို တက်ရောက်မှာဖြစ်ပါတယ်။ အဲဒီနောက် တောင်ကိုရီးယားနိုင်ငံကိုလည်းသွားရောက်ဦးမှာဖြစ်ပါတယ်။
29 July 2008/VOA

မုန်တိုင်းဒေသ ကလေးငယ် ၇ သိန်းနီးပါးအတွက် အကူအညီများ လိုအပ်နေ



မြန်မာနိုင်ငံမှာ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့တာ ၃ လနီးပါး ရှိလာခဲ့ပြီ ဖြစ်ပေမယ့် မုန်တိုင်းဒဏ်ခံခဲ့ရပြီး အသက်မသေ ကျန်ရစ်ခဲ့တဲ့ အသက် ၁၇ နှစ်အောက် ကလေးငယ် ၇၀၀,၀၀၀ အတွက် ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုဘ၀ ရှင်သန်နိုင်ရေးတွေအတွက် အကူညီတွေ လိုအပ်နေဆဲ ဖြစ်တယ်လို့ ကုလသမဂ္ဂ ကလေးများ ရံပုံငွေအဖွဲ့ UNICEF က ပြောပါတယ်။

မုန်တိုင်းမတိုက်ခင်ကတည်းက မြန်မာနိုင်ငံမှာ ကလေးငယ်တွေအတွက် ကျန်းမာရေးပြုစုစောင့်ရှောက်မှုတွေ မကောင်းတာကြောင့် အခုချိန်မှာ ဒီကလေးငယ်တွေရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ ပြုစုစောင့်ရှောက်မှုတွေ ပိုပြီးတော့ လုပ်ပေးဖို့ လိုအပ်တယ်၊ လုပ်ပေးဖို့ အခွင့်အလမ်းလည်း အခု ရှိနေတယ်လို့ UNICEF အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပက်ထရစ် မက် ကောမစ် (Patrick McCormick) က ပြောပါတယ်။
"အခုချိန်က ကယ်ဆယ်ရေးအဆင့်ပြီးတဲ့နောက်ပိုင်း ပြန်လည် တည်ဆောက်ရေးကာလပါ။ ဒါကြောင့် ကလေးငယ်တွေနဲ့ သူတို့ မိသားစုတွေရဲ့ ဘ၀တွေ ပြန်လည်တည်ဆောက်ဖို့ လိုအပ်နေပါတယ်။ ကျနော်တို့ ဆိုလိုတာက - ဒီကလေးငယ်တွေ အတွက် စာသင်ကျောင်းတွေ၊ ကျန်းမာရေးဆိုင်ရာ ဆေးရုံ၊ ဆေးခန်းတွေ ဆောက်ပေးဖို့ လိုပါတယ်။ နောက်တခါ ကလေးငယ်တွေကို ကာကွယ်ဆေးထိုးရေးကလည်း အရေးကြီးပါတယ်။ မြန်မာနိုင်ငံမှာ မုန်တိုင်း မဖြစ်ခင်ကတည်းက မွေးကင်းစကလေးငယ် သေဆုံးမှုနှုန်းက များပါတယ်။ ကမ္ဘာပေါ်မှာ ဒီလိုသေဆုံးမှု အများဆုံး နိုင်ငံထဲမှာ ပါတယ်လို့ ကျနော် ထင်ပါတယ်။ ဒါကြောင့် အခုချိန်မှာ ဒီကလေးငယ်တွေအတွက် ဆေးဝါး ထောက်ပံ့မှုတွေ၊ ရောဂါ ကြိုတင်ကာကွယ်မှု အစရှိတဲ့ ကျန်းမာရေးဆိုင်ရာ ပြုစုစောင့်ရှောက်မှုတွေ ပိုပြီးတော့ လုပ်ပေးရမှာပါ။ အရင်တုန်းက ဒီလိုမျိုး ကူညီဖို့ အခွင့်အလမ်းတွေ သိပ်မရှိခဲ့သလို အခုချိန်ဟာ ကျနော်တို့ဘက်က ကူညီနိုင်တဲ့ အကောင်းဆုံး အချိန်ပါ။"
မုန်တိုင်းကာလနောက်ပိုင်း ရောဂါဘယ ပြန့်ပွားနိုင်တဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ စိုးရိမ်ရဆဲ ဖြစ်သလို ဒီအတွက် လတ်တလောမှာလည်း UNICEF အဖွဲ့က အကူအညီတွေ ပေးနေတယ်လို့လည်း သူက ပြောပါတယ်။
"မုန်တိုင်းသင့်ဒေသမှာ ရောဂါဘယ ပြန့်ပွားနိုင်တဲ့ အနေအထားတွေကို ကျနော်တို့ အထူး စိုးရိမ်နေတုန်းပါပဲ။ ဒါကြောင့်လည်း လိုအပ်တဲ့ ဆေးဝါးတွေကို ကျနော်တို့ ထောက်ပံ့ပေးနေပါတယ်။ အထူးသဖြင့် ကလေးငယ်တွေ အစားအစာ အလောက်အလောက် မရတဲ့အခါမှာ အာဟာရ ချို့တဲ့ တဲ့ရောဂါ ဖြစ်လာနိုင်တဲ့ အနေအထားတွေ၊ တချို့တော့ ဖြစ်ပြီးသား အခြေအနေတွေ ရှိပါတယ်။ ဒီအခါ ရောဂါ ပြန့်ပွားမှုက ပိုပြီးတော့ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ရေက ပြန့်ပွားတဲ့ ရောဂါမျိုးတွေပါ။ ဒါကြောင့် ကျနော်တို့က - ဒီကလေးငယ်တွေ သန့်ရှင်းတဲ့ သောက်သုံးရေ နဲ့ အစားအစာ ရရှိရေးအတွက် ကူညီထောက်ပံ့တာမျိုး ရောဂါ ကြိုတင်ကာကွယ်မှုတွေ လုပ်ပေးတာတွေ လုပ်ပေးပါတယ်။ စိတ်ချလုံခြုံရတဲ့ နေရာလို့ ကျနော်တို့ခေါ်တဲ့ နေရာမျိုးတွေကိုလည်း မုန်တိုင်းဖြစ်ဖြစ်ပြီးချင်းကတည်းက ကျနော်တို့ တည်ဆောက်ပေးပါတယ်။ ဥပမာ - ကလေးငယ်တွေ အန္တရာယ်ကင်းကင်းနဲ့ ကစားနိုင်တဲ့နေရာတွေ၊ မိဘတွေက ပျက်ဆီးခဲ့တဲ့ သူတို့ရဲ့ အိမ်ယာလယ်မြေတွေကို ပြန်ပြီးတော့ တည်ဆောက်ရတဲ့အခါမျိုးမှာ ကလေးငယ်တွေကို စိတ်ချလက်ချနဲ့ ထားခဲ့နိုင်တဲ့နေရာမျိုးတွေပါ။"
မုန်တိုင်းကြောင့် မိဘနှစ်ဦးစလုံး သေဆုံး၊ ဒါမှမဟုတ် အဖေ မဟုတ်ရင် အမေ ဆုံးရှုံးခဲ့ရတဲ့ ကလေးငယ်ပေါင်း ၆၀၀ ကျော်ရဲ့စရင်းကို UNICEF အဖွဲ့က ပြုစုခဲ့သလို ဒီကလေးငယ်တွေရဲ့ မိဘဆွေမျိုး နောက်ကြောင်း အစဖော်နိုင်အောင် ကြိုးစားရှာဖွေပေးတာတွေနဲ့ လူမှုပြုစုစောင့်ရှောက်မှုတွေ လုပ်ပေးနေတဲ့အကြောင်းလည်း သူက ပြောပြပါတယ်။
မြန်မာနိုင်ငံမှာ UNICEF အဖွဲ့ရဲ့ လုပ်ငန်းတွေ ၁၉၅၀ ခုနှစ်ကတည်းက စလုပ်ခဲ့တာဖြစ်သလို အခြေအနေတွေ အားလုံးကောင်းမွန်ပြီး အကူအညီ လုံးဝ မလိုတော့တဲ့အချိန်အထိ လုပ်ငန်းတွေ ဆက်လုပ်သွားတယ်၊ ဒါပေမယ့် သိပ်ကို ဆင်းရဲတဲ့ မြန်မာနိုင်ငံမှာ အဲဒီလို အခြေအနေမျိုး ရောက်ဖို့ကလည်း မလွယ်ဘူးလို့ မစ္စတာ McCormick က ဆိုပါတယ်။
ပြီးခဲ့တဲ့မေလ အစောပိုင်း တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် လူနေအိမ် ၇၀၀,၀၀၀ ကျော်၊ ကျန်းမာရေး အဆောက်အဦ ၇၅ % နဲ့ စာသင်ကျောင်းပေါင်း ၄,၀၀၀ ကျော် ပျက်ဆီးခဲ့တယ်လို့ UNICEF အဖွဲ့က ထုတ်ပြန်ပါတယ်။ ဒါကြောင့်လည်း ၂၀၀၉ ခုနှစ် ဧပြီလကုန်အထိ မြန်မာနိုင်ငံက ကူညီရေးလုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၉၀ ကျော် UNICEF က မကြာသေးခင်ကပဲ တောင်းခံထားတာ ဖြစ်ပါတယ်။
26 July 2008/VOA

ရွှေဝါရောင်တော်လှန်ရေးတွင်ပါသည့် မြန်မာမွတ်စလင်များကို ရဲဘက်စခန်းပို့

လွန်ခဲ့သည့်နှစ် စက်တင်ဘာလတွင် ပေါ်ပေါက်ခဲ့သော ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် ကျောင်းသား လူငယ် ၁၀ ဦးကို စစ်အစိုးရက ထောင်ဒဏ် ၂ နှစ်စီချမှတ်၍ ရဲဘက်စခန်းများသို့ပို့ရာ ၎င်းတို့အနက် အများစုသည် မွတ်စလင် ဘာသာဝင်များဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (အေအေပီပီ) က ပြောသည်။
အဆိုပါ နိုင်ငံရေးအကျဉ်းသား ၁၀ ဦးကို စစ်အစိုးရက ယခုအပတ်အတွင်း ထောင်ဒဏ် ၂ နှစ်စီချမှတ်ပြီး ပြည်ထဲရေးဝန်ကြီး ၏ အမိန့်ဖြင့် ဒေါက်ခြေချင်းများခတ်ကာ ရဲဘက်စခန်းအသီးသီးသို့ ပို့ဆောင်လိုက်ခြင်းဖြစ်သည်ဟု ယနေ့ထုတ် အေအေပီပီ ကြေညာချက်တွင် ဖော်ပြထားသည်။

မွတ်စလင်အများစုပါဝင်သည့် အဆိုပါ နိုင်ငံရေးအကျဉ်းသား ၁၀ ဦးကို ကျိုက်မရော ဘ၀သစ် (၆) ရဲဘက်စခန်း၊ ဘားအံ ဘ၀သစ် (၇) ရဲဘက်စခန်း၊ ဇင်းကျိုက် ကျောက်စခန်း၊ ရင်းငြိမ် ကျောက်စခန်းနှင့် တောင်စွန်း ရဲဘက်စခန်းများသို့ ပို့ဆောင်ခြင်း ဖြစ်သည်။
အေအေပီပီ ကြေညာချက်တွင် “ယေဘုယျအားဖြင့် နိုင်ငံရေးအကျဉ်းသားများကို ရဲဘက်စခန်းသို့ပို့ဆောင်၍ အလုပ်ကြမ်း များ ခိုင်းစေခြင်း မရှိခဲ့ပေ။ သို့သော်လည်း ၁၉၉၀ ခုနှစ် အောက်တိုဘာလတွင် ပတ္တနိက္ကုဇ္ဇန ကံဆောင်ခဲ့သော သံဃာတော် များကို ရဲဘက်စခန်းများသို့ ပို့ဆောင်၍ အလုပ်ကြမ်းများ ခိုင်းစေခဲ့ခြင်းကြောင့် သံဃာတော် ၁၉ ပါးမှာ အလုပ်ကြမ်းဒဏ် မခံနိုင်၍ ထိုနေရာများတွင်ပင် ပျံလွန်တော်မူခဲ့ရသည်” ဟု ဖော်ပြထားသည်။
အေအေပီပီ အတွင်းရေးမှူး ဦးတိတ်နိုင်က “ပြည်ထဲရေးဝန်ကြီးရဲ့အမိန့်နဲ့ ရဲဘက်စခန်းကိုပို့လိုက်တာဟာ ဘာသာရေးအရ နှိပ်ကွပ်မှုတခုဖြစ်တဲ့အပြင် ဒီကျောင်းသားလူငယ်တွေရဲ့ အသက်အန္တရာယ် စိုးရိမ်ရတဲ့အနေအထားမှာ ရှိနေပါတယ်” ဟု ပြောသည်။
ရွှေဝါရောင် တော်လှန်ရေးနောက်ပိုင်း စစ်အစိုးရက ဘာသာရေးဖိနှိပ်မှုများကို အလွန်အကျွံလုပ်လာသည်ကို တွေ့ရသည်ဟု လည်း ဦးတိတ်နိုင်က ပြောသည်။
လွန်ခဲ့သည့် ၂ ပတ်ခန့်က မန္တလေးဘူတာတွင် နာဂစ်မုန်တိုင်းကယ်ဆယ်ရေး သွားရောက်လုပ်ကိုင်မည့်သံဃာတော် ၉ ပါးကို အာဏာပိုင်တို့က ဖမ်းဆီးလိုက်ပြီး ၎င်းတို့အား ယမန်နေ့က ရုံးထုတ်သည်ဟု ကြားသိရသည်။“၁၉၈၈ ခု အရေးအခင်းကာလတုန်းက ရန်ကုန်ဆေးရုံကြီးကို ဖမ်းလာတဲ့ မွတ်စလင်တွေ ရှိခဲ့ဖူးတယ်။ အဲဒီအထဲက တချို့ ဆိုရင် လုံးဝပျောက်သွားတဲ့ အဆင့်အထိ ရှိတယ်” ဟုလည်း ဦးတိတ်နိုင်က ပြောသည်။
ကိုသက် ဇူလိုင် ၂၅၊ ၂၀၀၈/ဧရာဝတီ

မုန်တိုင်း ကယ်ဆယ်ရေးတွင် ဂီတအနုပညာရှင်များလည်း ပါဝင်

ဂီတအနုပညာရှင်များ
ဆုန်သင်းပါရ် ၊ ခင်မောင်တိုး ၊ ဝေထွန်း

ကိုစိုး ဇူလိုင် ၂၅၊ ၂၀၀၈/ဧရာဝတီ




နာဂစ် မုန်တိုင်း ဒုက္ခသည်များအတွက် လှူဒါန်းရန် ရည်ရွယ်ပြီး မြန်မာပြည်တွင်းရှိ နာမည်ကျော် ဂီတအနုပညာ ရှင်များက တေးစီးရီး သီဆို ထုတ်လုပ်ရန် စီစဉ်နေကြကြောင်း သိရသည်။
သီချင်းအများစု အသံသွင်းပြီးနေပြီဖြစ်သော အဆိုတော်ပေါင်း၂၀ ကျော် ပါဝင်သီဆိုထားသည့် အဆိုပါ တေးစီးရီး ထုတ်လုပ် ရောင်းချရာမှ ရရှိလာမည့် ငွေများ အားလုံးကို လေဘေးဒုက္ခသည်များသို့ တိုက်ရိုက် လှူဒါန်းသွားမည် ဖြစ်ကြောင်း စီစဉ်သူ ကိုဝေထွန်း (နဝရတ် စတူဒီယို) က ပြောပြသည်။
“အရင်လထဲက စပြီး အသံသွင်းနေတာပါ၊ အခုအထိ ဆိုတာ တီးတာတွေ အတော်ပြီးနေပါပြီ၊ ၂ ပုဒ်လောက်ပဲ ကျန်မယ်၊ အင်ပါယာ ၀ိုင်းက နည်းနည်းကျန်တယ်၊ ဒါပါပဲ၊ ဗီစီဒီ ရိုက်ကူးရေးအတွက်တော့ ကျန်သေးတယ်၊ အဲဒါတွေ ပြီးမှ စိစစ်ရေး တင်၊ ကျမှ ဖြန့်ချိရမှာဆိုတော့ ဖြန့်ချိဖို့တော့ နည်းနည်းလိုဦးမယ်၊ အဲဒီအခွေက ရရှိလာ မယ့် ငွေတွေ ကို အကုန်လှူကြမှာပါ၊ ဒုက္ခသည်တွေကို တိုက်ရိုက်လှူမှာပါ၊ ဒါပေမယ့် ပိုက်ဆံ ရမှပဲ အဆိုတော် တွေနဲ့တိုင်ပင်ပြီး သူတို့ ဘာလုပ်စေချင်လဲဆိုတာ၊ သူတို့ ဆန္ဒရှိတဲ့အပေါ်မှာ လုပ်ရမှာပါ”ဟု ကိုဝေထွန်း က ဧရာဝတီသို့ ပြောသည်။
ယင်းတေးစီးရီးတွင် ချစ်ကောင်း၊ ရင်ဂို၊ ထူးအယ်လ်လင်း၊ ဂရေဟန်၊ စည်သူလွင်၊ ဆောင်းဦးလှိုင်၊ နွဲ့ယဉ်ဝင်း၊ မေခလာ၊ ဟေမာနေဝင်း၊ ကော်နီ၊ လေးလေးဝါး၊ ကဗျာဘွဲ့မှူး၊ ချောစုခင်၊ မီးမီးခဲ၊ ဆုန်သင်းပါရ်၊ ရှင်ဘုန်း၊ခင်ဘုန်း၊ သံသာဝင်း၊ ဇန်နူး၊ မို့မို့ဇော်ဝင်း၊ အားမူ စသည့် ပရိသတ် နှစ်သက်မည့် အဆိုတော်ပေါင်း ၂၄ ဦးခန့် ပါဝင်ကြောင်း၊ အင်ပါယာ၊ ဥက္ကာ+၃ ၊ စပက်ထရန် တီးဝိုင်းများဖြင့် န၀တ်စတူဒီယိုတွင် အသံသွင်းယူနေခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောပြသည်။
“အင်ပါယာ၊ ဥက္ကာ + ၃ နဲ့ စပက်ထရန် ၀ိုင်းတွေက တီးပေးတယ်၊ သီချင်းတွေက ကိုယ်ပိုင် သံစဉ်ရော၊ ကော်ပီ ရောပါပဲ၊ ကျနော့်ကို အတင်းဝင်တီးခိုင်းကြလို့ တပုဒ် ဝင်တီးပေးထားတယ်၊ အသံသွင်းတာကတော့ ကျနော့် စတူဒီယို မှာပါပဲ”ဟု ကိုဝေထွန်းက ဆက်ပြောသည်။
အဆိုတော် ဆုန်သင်းပါရ်ကလည်း ယခုတေးစီးရီးသည် လေဘေးဒုက္ခသည်များကို လှူဒါန်းမည့် မွန်မြတ်သော အစီအစဉ် ဖြစ်သောကြောင့် အကျိုးခံစားခွင့်များကိုလှူဒါန်းရန် ကိုယ်တိုင်လိုလားစွာပါဝင် သီဆိုလိုခြင်းဖြစ်ကြောင်း ပြောဆိုသည်။
“သီချင်းတော့ မပေးရသေးဘူး၊ ဆိုတော့ဆိုမှာပါ၊ ကောင်းတဲ့ကိစ္စ ဆိုတော့ ကိုယ်လည်း ပါချင်တာပေါ့”ဟု ဆုန်သင်းပါရ်က ပြောသည်။
ကိုဝေထွန်းက ဆက်လက်၍ ယခုအစီအစဉ်ကို ၎င်းအနေနှင့် စတင်လုပ်ဆောင်ဖြစ်ခြင်းမှာ မြစ်ဝကျွန်းပေါ် ဖျာပုံဘက်သို့ လေဘေး ကူညီရေး သွားရောက်လုပ်ကိုင်နေသည်ကို အဆိုတော်များက သိရှိပြီး ကူညီလိုကြရာမှ အကောင်အထည်ပေါ် လာခြင်းဖြစ်သည်ဟုလည်း ပြောပြသည်။
“ဘယ်လို စလုပ်ဖြစ်တာလဲ ဆိုတော့ ကျနော် ဖျာပုံဘက်ကို သွားပြီး ဒုက္ခသည်တွေ ပြန်လည်တည်ဆောက်ရေးတွေ လုပ်ပါ တယ်၊ ထူထောင်ရေး အပိုင်းတွေ ကိုင်ပေးနေပါတယ်၊ ကျနော်တို့ ခရစ်ယာန်အသင်းကနေ စာသင် ကျောင်းတွေ လှူပါတယ်၊ အဲဒီမှာ ကျနော် ကူညီပြီး လုပ်ပေးနေပါတယ်၊ လုပ်ပေးနေတဲ့အခါမှာ လိုအပ်တာလေး တွေ ထိရောက်အောင်ပေါ့၊ သူတို့တွေ က ပါဝင်ချင်တယ်၊ အားလုံးကလည်း လုပ်ပေးချင်ကြတယ်၊ အဆိုတော် တွေက ကူညီချင်တာနဲ့ ကျနော်က အခွေလေးသွင်း ပါလား ဆိုပြီးတော့ ကျနော်က စပွန်ဆာ လုပ်ပေးတာပါ”ဟု ၎င်းက ပြောဆိုသည်။
အလားတူ အဆိုတော် ခင်မောင်တိုးကလည်း လေဘေးသင့် ဒုက္ခသည်များကို ပေးလှူရန်ရည်ရွယ်၍ ၎င်း ကိုယ်တိုင် သီဆို မည့် တေးစီးရီးတခွေ ထုတ်လုပ်ရန် စီစဉ်နေကြောင်း ဇနီး ဖြစ်သူက ပြောသည်။
“အဲဒီ အခွေက သီချင်းနည်းနည်းပါးပါးတော့ စုပြီးနေပြီ၊ ခရီးအသွားအလာတွေ နည်းနည်းရှိနေတာနဲ့ အသံသွင်းတာတော့ မစရ သေးပါဘူး၊ အတီးသမားတွေကလည်း အလုပ်နည်းနည်းများနေသေးလို့၊ နာမည်တွေ ဘာတွေလည်း မရွေးရသေး ပါဘူး၊ သီချင်း အဟောင်းထဲကတော့ ကရုဏာ သီချင်းတို့ဘာတို့ကို ရွေးတော့ ရွေးထားပြီး ပါပြီ၊ သီချင်းက အဟောင်းရော အသစ်ရော ပါမှာပါ၊ ကိုယ်ပိုင် သံစဉ်တွေပါပဲ၊ အကုန်လုံးတော့ တိုင်ပင်ထားပြီးပါပြီ၊ တေးရေးတွေက ကိုနိုင်မင်း၊ ကိုအီးချိုနဲ့ အရင်ရေးနေကြ လူတွေပါပဲ”ဟု ၎င်းက ပြောပြသည်။
အဆိုတော် ခင်မောင်တိုးသည် အာဇာနည်၊ မေခလာ၊ ကိုမြတ်မင်း တို့နှင့်အတူ ဂျပန်နိုင်ငံတွင် စင်မြင့် ဖျော်ဖြေပွဲ သီဆိုရန် ယမန်နေ့က ထွက်ခွာသွားကြောင်းလည်း သိရသည်။
“မေခလာ၊ အာဇာနည်နဲ့ ကိုတိုးနဲ့ သုံးယောက်ပါ၊ တီးတာကတော့ ကိုမြတ်မင်း တယောက်ပဲပါတယ်၊ နာဂစ် ရန်ပုံ ငွေပွဲလို့ တော့ ပြောတယ်၊ တပတ် ၁၀ ရက်လောက် ကြာမယ်ဆိုတော့ အဲဒီက ပြန်လာမှပဲ အခု အခွေကို ဆက်လုပ်ရမှာပါ”ဟု အဆိုတော် ခင်မောင်တိုး၏ ဇနီး က ဆိုသည်။အဆိုတော် ခင်မောင်တိုးသည် သီချင်းအဟောင်းများထဲက မထွက်ဘူးသေးသော Live Show အခွေ တခွေကို စိုးသက်အောင် တေးစီးရီးထုတ်လုပ်ရေးနှင့် ရိုက်ကူး စီစဉ်နေကြောင်းလည်း သိရှိရသည်။