ဒေါ်စု အကျယ်ချုပ်သက်တမ်းတိုးခြင်းကို အဖွဲ့ချုပ်နှင့် နိုင်ငံတကာက ရှုတ်ချ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရက နေအိမ်အကျယ်ချုပ် ထပ်မံတိုးလိုက် ခြင်းသည် ဥပဒေနှင့် လုံးဝမညီကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ပြောသည်။
ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အပေါ် အကျယ်ချုပ်သက်တမ်းတိုးခြင်းသည် ဥပဒေနှင့် မညီညွတ်သည်ကို တင်ပြရန် အဆင်သင့်ရှိကြောင်းနှင့် နအဖ အစိုးရအနေနှင့် ဒေါ်အောင်ဆန်းစုကြည်အား ဥပဒေအရ အယူခံခွင့်လည်း ပေးရမည် ဖြစ်ကြောင်း အန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောသည်။
“အခုဟာ က လုံးဝလုံးဝကို ဥပဒေနဲ့ မညီတဲ့ အတွက် အယူခံကို တင်ပါ့မယ်၊ ကျနော်တို့ အယူခံမှာ ပွင့်ပွင့်လင်းလင်း ဥပဒေနဲ့အညီ ကမ္ဘာသိအောင်လျှောက်လှဲ တင်ပြချင်ပါတယ်၊ ဒီလို ဥပဒေနဲ့ မညီတဲ့အမိန့်ကို ထုတ်ခဲ့တဲ့ နအဖ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေ အရ အယူခံခွင့်ကို ပေးပါလို့ပြောလိုပါတယ်”ဟု ဦးဥာဏ်ဝင်းက ပြောဆိုသည်။
နအဖ စစ်အစိုးရအနေနှင့် ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ဖြင့် ထားရှိခြင်းမှာ ဥပဒေနှင့် ညီညွတ်သည် ဆိုပါက အထောက်အထားနှင့်တကွ တင်ပြရန်လည်း ဦးဥာဏ်ဝင်းက တောင်းဆိုလိုက်သည်။
တချိန်တည်းတွင် ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များနှင့် နိုင်ငံ့ ခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်အား ယခုကဲ့သို့ နေအိမ်အကျယ်ချုပ်တိုးလိုက်ခြင်းကို အလွန်ဝမ်းနည်းကြောင်းနှင့် စစ်အစိုးရ အနေနှင့် ကိုယ့်ဥပဒေ ကိုယ်ပြန်ချိုးဖောက်ခြင်းဖြစ်ကြောင်း ဝေဖန်ပြောဆိုကြသည်။
ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းက“ဒေါ်အောင်ဆန်းစုကြည်ကို ၆ နှစ် ဆက်တိုက် နေအိမ်အကျယ်ချုပ်ချတဲ့ မြန်မာစစ်အစိုးရရဲ့ ဆုံးဖြတ်ချက်အပေါ် ကျနော် ဝမ်းနည်းမိပါတယ်”ဟု ပြောဆိုသည်။
မစ္စတာ ဘန်ကီမွန်းသည် လေဘေးဒုက္ခသည်များ ကူညီရေးအတွက် မြန်မာနိုင်ငံသို့ သွားရောက်၍ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံကာ ပြန်လာပြီးနောက် အင်္ဂါနေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
အမေရိကန် သမ္မတ ဂျော့ဘုရှ် ကလည်း“အခုလို နိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်အစိုးရက နေအိမ် အကျယ်ချုပ်သက်တမ်း တိုးလိုက်တာ ကျနော် အလွန်စိတ်မကောင်းဖြစ်မိပါတယ်”ဟု ပြောဆိုလိုက်ပြီး နိုင်ငံရေးအကျဉ်းသား အားလုံးကိုပြန်လွှတ်ပေးရန်နှင့် ဒေါ်အောင်ဆန်း စုကြည်အပါအဝင် တခြားသော ဒီမိုကရေ စီအင်အားစုများ ၊ တိုင်းရင်းသား အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် စစ်အစိုးရကို တိုက်တွန်း တောင်းဆိုသည်။
အမေရိကန် လူ့အခွင့်အရေးအဖွဲ့တဖွဲ့ဖြစ်သော (Freedom Now) အဖွဲ့ အကြီးအကဲ ဥပဒေပညာရှင် ရှေ့နေ ဂျာရက်ဒ် ဂန်ဆာက“ဒေါ်အောင်ဆန်းစုကြည်ကို အခုလို အကျယ်ချုပ် သက်တမ်းတိုးလိုက်တာကို အံသြစရာ မရှိပါဘူး၊ ဒါဟာ စစ်အစိုးရ က ကိုယ့်ဥပဒေ ကိုယ်ပြန်ချိုးဖောက်တာပဲ ဖြစ်ပါတယ်”ဟု ပြောသည်။
စစ်အစိုးရသည် ယခုကဲ့သို့ မြန်မာလူထု သန်းပေါင်း များစွာ အခက်အခဲ ဒုက္ခ ဖြစ်နေချိန်တွင် အခြေခံဥပဒေ အတည်ပြု ဆန္ဒခံယူပွဲကို ၂ ကြိမ် ပြုလုပ်ကာ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း နေအိမ် အကျယ်ချုပ် သက်တမ်း တိုးလိုက်ခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ် နိုင်ငံရေးအရကယ်ဆယ်ရေးလုပ် နေခြင်းဖြစ်သည်ဟု လည်း ရှေ့နေ ဂျာရက်ဒ် ဂန်ဆာက ဆက်ပြောသည်။
ယင်းသို့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် ယမန်နေ့ နေ့လယ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် (အန်အယ်လ်ဒီ) လူငယ်အဖွဲ့က ဦးဆောင်ပြီး အန်အယ်လ်ဒီ ရုံးချုပ်ရှေ့မှ ဒေါ်အောင်ဆန်းစုကြည် နေအိမ် ရှေ့အထိ ဦးတည်၍ လူ ၅၀ ခန့် လမ်းလျှောက်ချီတက် ဆန္ဒပြကြရာ အာဏာပိုင်များ က ဖြိုခွဲ ဖမ်းဆီးခဲ့သည်။
စစ်အစိုးရက သတ်မှတ်ထားသည့် ထိန်းသိမ်း ချုပ်နှောင်ကာလသည် မေလ ၂၄ ရက်နေ့တွင် ၅ နှစ် တိတိ ပြည့် မြောက်ခဲ့ပြီ ဖြစ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းပြန်လွှတ်ရန် ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က မေလ ၂၄ ရက်နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်၍ တောင်းဆိုထားသည်။
ပြီးခဲ့သည့် သောကြာနေ့ကလည်း Freedom Now အဖွဲ့မှ ဥပဒေပညာရှင် ရှေ့နေ ဂျာရက်ဒ် ဂန်ဆာနှင့် မဂ္ဂန် ဘာရွန် တို့က မြန်မာနိုင်ငံ ဥပဒေကြောင်းအရ မေလ ၂၄ ရက်နေ့ ည သန်းခေါင်ယံတွင် ချုပ်နှောင်ကာလ ပြီးဆုံး ပြီဖြစ်သော ကြောင့် ဒေါ်အောင်ဆန်းစုကြည်အား ပြန်လည်လွှတ်ပေးရန် ကြေညာချက်တစောင် ထုတ်ပြန်၍ စစ်အစိုးရသို့ တောင်းဆိုခဲ့သည်။
ယခု ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးအရေးယူထားသည့် ဥပဒေ ပုဒ်မ ၁၀ (ခ) အရ ဆက်လက်ဖမ်းဆီး ချုပ်နှောင်ရန် ဖြစ်စေ၊ ဆက်လက်တားဆီးမှုများ ပြုလုပ်ရန်ဖြစ်စေ တကြိမ်တွင် တနှစ်ထက်မပိုစေဘဲ စုစုပေါင်း (၅) နှစ် အထိသာ အရေး ယူနိုင်ကြောင်း သိရသည်။ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်မှုအပြီးမှ စတင်၍ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသည်မှာ ၅ နှစ် ရှိပြီဖြစ်သည်။ ၁၉၈၉ ခုနှစ်မှစ၍ နေအိမ် အကျယ်ချုပ် ဘဝဖြင့် နေရချိန် စုစုပေါင်းမှာ ၁၂ နှစ်ကျော်ပြီဖြစ်သည်။
ကိုစိုး မေ ၂၈၊ ၂၀၀၈/The Irrawaddy

No comments: