ဒီပဲယင်းတိုက်ခိုက်မှု ဗိုလ်ချုပ်ကြီးသန်းရွှေ ကိုယ်တိုင်အမိန့်ပေး မြန်မာသံအရာရှိဟောင်းပြော

လွန်ခဲ့တဲ့ ၅ နှစ် ၂၀၀၃ ခုနှစ် မေလကုန်မှာ ဖြစ်ပွားခဲ့တဲ့ ဒီပဲယင်းလုပ်ကြံတိုက်ခိုက်မှုကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင်က အမိန့်ပေး ညွန်ကြားခဲ့တာ ဖြစ်တယ်လို့ မြန်မာ စစ်ထောက်လှမ်းရေးနဲ့ သံတမန် အရာရှိဟောင်း ဖြစ်တဲ့ ဗိုလ်မှူး အောင်လင်းထွဋ်က ပြောကြားလိုက်ပါတယ်။ မြန်မာစစ်အစိုးရရဲ့ ထောက်ပံ့မှုကို ရထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းနဲ့ လူရမ်းကားတွေကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ ပါဝင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ကားတန်းကို အကြမ်းဖက် တိုက်ခိုက်ခဲ့တာကြောင့် မိုလို့ လူ ၇၀ ထက်မနဲ သေဆုံးခဲ့ရတယ်လို့ အတိုက်အခံ အဖွဲ့ဝင်တွေက ဆိုပါတယ်။ ဗိုလ်မှူးအောင်လင်းထွဋ်ရဲ့ နောက်ကြောင်းပြန် ပြောကြားချက်ကို ဗီအိုအေ ဌာနမှူး ဦးသန်းလွင်ထွန်းက တင်ပြထားပါတယ်။
၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့ဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ အမဲစက် ထင်ကျန်ရစ်စေမယ့် သွေးစွန်းတဲ့ နေ့ရက်တစ်ရက် ဖြစ်ပါတယ်။ အထက် မြန်မာပြည်ဘက်မှာ နယ်လှည့်စည်းရုံးရေးခရီး ထွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့ ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ယာဉ်တန်းကို ဒီပဲယင်းမြို့နယ်အတွင်း ညမှောင်မှိတ်ချိန်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင်တွေ လူရမ်းကားတွေပါ ၀ိုင်းပြီး ခြုံခိုတိုက်ခိုက်ခဲ့ကြတာပါ။ ဒီမတိုင်ခင် ရက်တွေမှာလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စည်းရုံးရေးခရီးစဉ်တလျှောက် ဒီလူစုတွေရဲ့ သဲသဲမဲမဲ လိုက်နောက်ယှက်မှုတွေ ရှိနေခဲ့ပေမယ့် ဒီလောက်ထိတော့ သွေးချောင်းစီး တိုက်ခိုက်မှုကို ကျူးလွန်လိမ့်မယ်လို့ ဘယ်သူကမှ မထင်ခဲ့ကြပါဘူး။ ဒါပေမယ့် ဒါဟာ တကယ့်ကို ရက်ရက်စက်စက် စီမံလုပ်ကြံမှု တစ်ခုသာ ဖြစ်ပါတယ်လို့ မြန်မာ စစ်ထောက်လှမ်းရေး အရာရှိဟောင်းနဲ့ သံတမန်ဟောင်း တစ်ဦးဖြစ်သူ ဗိုလ်မှူး အောင်လင်းထွဋ်က ဗီအိုအေကို အခုလို ပြောပြခဲ့ပါတယ်။
“အမှန်တိုင်း ပြောရရင်တော့ သူတို့ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ရှင်းရှင်းပြောရရင်တော့ အသေ လုပ်ကြံတာပဲခင်ဗျ။ ကျနော် သိသလောက်ပေါ့လေ။ နောက်ပိုင်း ကျနော်တို့ ပြန်ပြောကြတဲ့ အခါမှာပေါ့။ အဲဒီတော့ ကံကောင်းတာက ဒေါ်အောင်ဆန်းစုကြည်ကားဟာ ထိပ်ဆုံးက ဖြစ်ပြီးတော့မှ နောက်ဆုံး သူ့ကားက မောင်းပြီးတော့မှ ပြေးပြီး ထွက်သွားနိုင်တယ်လို့ သိရတယ်။ နောက်ပိုင်းမှာ ကျနော်တို့ ရဲစခန်းတစ်ခုမှာ သွားပြီးတော့ သတင်းပို့တယ်လို့ ကျနော်တို့ သိပါတယ်။ ရဲစခန်း ရောက်တဲ့အခါကျတော့ ကျနော်တို့ ထောက်လှမ်းရေးတပ်ဆွယ်က လူတွေက နေပြီးတော့ သတင်းပို့တယ်လို့ သိရပါတယ်။ နောက်ပိုင်း အန္တရာယ် ရှိတာနဲ့ ရဲစခန်းကနေပြီးတော့မှ တနေရာကို ရွှေ့တယ်လို့ ကျနော်တို့ သိတယ်။ တပ်ကို ရွှေ့တယ်လို့ သိတယ်။ ကျနော် သိသလောက်ပေါ့နော်။ အဲဒီ တပ်ထဲကျမှ ကျနော်တို့ မိထ္ထီလာ လေတပ်က တပ်လေယာဉ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ညတွင်းချင်းပဲ ရွှေ့သွားတယ်ဆိုပြီးတော့မှ ကျနောတို့ သိပါတယ်။”
ဒီပဲယင်းလုပ်ကြံတိုက်ခိုက်မှုမှာ လူပေါင်း ၇၀ ထက်မနဲ သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာ ရရှိခဲ့တယ်လို့ ပြည်ပရောက် အတိုက်အခံတွေရဲ့ စုံစမ်း ထွက်ဆိုချက်တွေမှာ ဖော်ပြခဲ့ကြပါတယ်။ စစ်အစိုးရ ကတော့ သေဆုံးသူ ၄ ယောက်ပဲ ရှိပါတယ်လို့ ကနဦး သတင်းထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ ဒီကိစ္စအတွက် တရားဝင် အရေးယူစုံစမ်းမှုတွေလည်း အခုချိန်ထိ လုပ်မလာခဲ့ပါဘူး။
တကယ်တမ်းမှာ ဒီအဖြစ်အပျက်ဟာ အထက်က ညွှန်ကြားချက်အမိန့်နဲ့ အကွက်ချ စီစဉ်ခဲ့တဲ့ လုပ်ရပ်တစ်ခုပဲ ဖြစ်တယ်လို့ ဗိုလ်မှူး အောင်လင်းထွဋ်က အခိုင်အမာ ပြောပါတယ်။ ၀န်ကြီး ဦးအောင်သောင်း ဦးစီးတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင်တွေ လူရမ်းကားတွေ တဖြည်းဖြည်း အတင့်ရဲ ကြမ်းတမ်းလာပြီး ဒေါ်အောင်ဆန်းစုကြည် တို့ကို တိုက်ခိုက်မယ့်အဆင့်ထိ ရောက်လာနေတာကို နယ်မြေခံစစ်တပ်နဲ့ ထောက်လှမ်းရေးကတောင် စိုးရိမ်မကင်း ဖြစ်လာရပြီး အဲဒီအချိန်က ရန်ကုန်မှာရှိတဲ့ ထောက်လှမ်းရေးမှူးချုပ် ရုံးကို အကြောင်းကြားလာခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီမှာ အတွင်းရေးမှူးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွှန့်နဲ့ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ကိုယ်တိုင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံကို သွားရောက်ပြီး သတင်းပို့ မေးမြန်းခဲ့တော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒါဟာ သူကိုယ်တိုင် ညွှန်ကြားထားတဲ့ကိစ္စ ဖြစ်တယ်လို့ ဖြေကြားခဲ့ကြောင်း ဗိုလ်မှူးအောင်လင်းထွဋ်က ပြောပါတယ်။
“ဗိုလ်ချုပ်ကြီး ခင်ညွှန့်ကနေပြီးတော့မှ ဗိုလ်ချုပ်မှူးကြီး အခြေအနေ ဒီလိုဖြစ်တယ် ဆိုပြီး သူ ပြောပြတဲ့အခါကျတော့ - အေး ဘာဖြစ်လဲကွာ ငါ ခိုင်းထားတာ ဆိုပြီးတော့မှ သူက အဲဒီလို ပြန်ပြောပါတယ်။ ပြန်ပြောတော့ ဗိုလ်ချုပ်ကြီး ခင်ညွှန့်က ဘာထပ်ပြောလိုက်လဲဆိုတော့ - ဗိုလ်ချုပ်မှူးကြီး၊ အဲဒီလို လုပ်မယ်ဆိုလို့ရှိရင် အားလုံး ရှုပ်ထွေးကုန်လိမ့်မယ်။ ကျနော်တို့ မြန်မာ့နိုင်ငံရေးရော၊ ကျန်တဲ့ နိုင်ငံတကာနဲ့ ဆက်ဆံမှုတွေပိုင်းမှာပါ အားလုံးက ရှုပ်ပြီးတော့ ရှင်းမရတဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ် ဆိုပြီးတော့မှ ဗိုလ်ချုပ်ကြီး ခင်ညွှန့်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ပြောပါတယ်။ ပြောတော့အခါကျတော့ ဒီအဘိုးကြီးက ဘာပြန်ပြောလဲဆိုတော့ - အေး အဲဒါဆိုလည်း မင်းတို့ဘာသာ မင်းတို့ ကြည်လုပ်ကြပေါ့ကွာ ဆိုပြီးတော့မှ ပြောပြီးတော့မှ အဲဒီ စကားပြောတဲ့နေရာကနေပြီးတော့ အပြင်ကို ထွက်သွားတယ်ဆိုပြီးတော့ ကျနော် သိရပါတယ်ခင်ဗျ။”
မြန်မာစစ်တပ်မှာက ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အမိန်ကိုပဲ နာခံတဲ့ လက်အောက်ခံ အဆင့်ဆင့်နဲ့ ဖွဲ့စည်းထားတာမို့ သူ့ရဲ့ တိုက်ရိုက်အမိန့်ကို ရထားတဲ့ လူတစ်စုရဲ့ လက်ရောက်ကျူးလွန်မှုကို ကျန်တဲ့အရာရှိကြီးတွေလည်း ဟန့်တားဖို့ ဘာမှ မတတ်နိုင်ခဲ့ကြောင်းကို ဗိုလ်မှူး အောင်လင်းထွဋ်က ထပ်ပြီး ရှင်းပြခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံတွင်းမှာ လွတ်လပ်မျှတတဲ့ ကော်မရှင် အဖွဲ့တစ်ခု စုံစမ်းပြီး စစ်ဆေးမှုတွေ လုပ်စေခဲ့မယ်ဆိုရင်တော့ ဒီဖြစ်ရပ်နဲ့ပတ်သက်တဲ့ အမှုမှန်တွေ ပေါ်လာမှာတော့ မလွဲပါဘူး။
မြန်မာစစ်ထောက်လှမ်းရေးကနေ နိုင်ငံခြားရေးဌာနကို ပြောင်းရွှေ့တာဝန် ထမ်းဆောင်ပြီး ၂၀၀၅ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု မြန်မာသံရုံး ယာယီတာဝန်ခံ သံမှူးကြီး အဖြစ်ကနေ နိုင်ငံရေး ခိုလုံခဲ့သူဖြစ်တဲ့ ဗိုလ်မှူး အောင်လင်းထွဋ်ရဲ့ ဒီပဲယင်း အရေးအခင်းအကြောင်း ကြားသိရသမျှ ပြန်ပြောင်းပြောပြချက် အသေးစိတ်ကို တနင်္ဂနွေနေ့ မြန်မာ့ဒီမိုကရေစီ ရေးရာကဏ္ဍမှာ နားဆင်နိုင်ပါတယ်။
31 May 2008/VOA

မုန်တိုင်းဒဏ်ခံရတဲ့ မြစ်ဝကျွန်းပေါ်ဒေသမှာ ကုလဒေသခံ ကယ်ဆယ်ရေးရုံး နှစ်ရုံးဖွင့်

ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ မုန်တိုင်းဒဏ် အဆိုးရွားဆုံး ခံခဲ့ရတဲ့နေရာမှာ ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ စခန်းရုံး နှစ်ရုံး ဖွင့်လှစ်ခဲ့တယ်လို့ ကုလသမဂ္ဂက ပြောကြားပါတယ်။ မုန်တိုင်ဒဏ် အပြင်းအထန် ခံခဲ့ရတဲ့ဒေသတွေက ကူညီစောင့်ရှောက်မှုတွေ အခုထိ လိုအပ်နေတဲ့ ဒုက္ခသည် ခန့်မှန်းချေ ၁ သန်းအတွက် ကယ်ဆယ် ကူညီရေးပစ္စည်းတွေ ပေးပို့တဲ့နေရာမှာ တကယ့်အခက်အခဲတွေ ကြီးကြီးမားမား တွေ့ကြုံနေရတယ်လို့ မြစ်ဝကျွန်းပေါ်ဒေသကို ကိုယ်တိုင် သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂအဖွဲ့တွေက ပြောကြားပါတယ်။
မေလဆန်းက တိုက်ခိုက်ခဲ့တဲ့ မုန်တိုင်းဒဏ်ခံရတဲ့ ဒုက္ခသည်တွေကို ပျက်ဆီးနေတဲ့ သူတို့ရဲ့ နေအိမ်တွေဆီ အတင်းအကြပ် စစ်အာဏာပိုင်တွေက ပြန်ပြီး ပို့နေတယ်လို့ ကုလသမဂ္ဂက သောကြာနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
မေလဆန်းတုန်းက ဒုက္ခသည်တွေ နေထိုင်ဖို့ အိမ်ဆောက်ဖို့ ၀ါးလုံးနဲ့ အမိုးအကာတွေအတွက် တာပေါ်လင်စတွေကလွဲလို့ တခြား ဘာမှမပေးဘဲ ပျက်ဆီးနေတဲ့အိမ်တွေဆီ ပြန်ခိုင်းနေတာလို့ ကုလသမဂ္ဂက ကယ်ဆယ်ကူညီရေး အဖွဲ့တွေကို မျက်မြင်သက်သေတွေက ပြောကြပါတယ်။
ဒုက္ခသည်စခန်းတွေကို စစ်အစိုးရက ပိတ်ပစ်တယ်လို့ ကုလသမဂ္ဂ အကြီးတန်း ကိုယ်စားလှယ်တွေ ဆီက သီးခြား အတည်ပြုချက် မပေးကြပေမယ့် ဒုက္ခသည်တွေဆီ ကယ်ဆယ်ရေး ပစ္စည်းတွေ ရောက်အောင် ပူးပေါင်းဆောင်ရွက်နေသူ အရာရှိကတော့ မုန်တိုင်းဒဏ်သင့်တဲ့ဒေသတွေအတွင်း အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းနေတာတွေအတွက် လုံးဝ လက်ခံနိုင်စရာ မရှိဘူးလို့ ပြောကြားပါတယ်။
အမေရိကန်အခြေစိုက် နိုင်ငံတကာ ဒုက္ခသည်များအဖွဲ့ ဒုက္ခသည်တွေကို အခုလို အဓမ္မ ရွှေ့ပြောင်းခိုင်းနေတာတွေကို ရပ်ပစ်ဖို့ သောကြာနေ့မှာပဲ တောင်းဆိုလိုက်ပါတယ်။
ရိုက်တာသတင်းတစ်ပုဒ်မှာတော့ ရန်ကုန်ဒေသ ပြင်ပက ဆိုင်ကလုန်းဒဏ်ခံရတဲ့ သူတွေနေထိုင်တဲ့ စခန်းပေါင်း ၄၀ လောက်ကို ဒုက္ခသည်တွေ မနေအောင် ရှင်းပစ်လိုက်ပြီး နေရာတွေ ရွှေ့ပြောင်း ခိုင်းတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဒီဒုက္ခသည်တွေကို သူတို့နေရင်းရပ်ကို ပြန်ပို့မှ အတည်တကျ ပိုပြီး ဖြစ်မယ်လို့ မြန်မာအစိုးရ အာဏာပိုင်တွေရဲ့ ပြောဆိုချက်ကိုပါ ထည့်သွင်း ရေးသားထားပါတယ်။ မြန်မာစစ်အစိုးရဟာ ဒီသတင်းပတ်အစောပိုင်းမှာ ကုလသမဂ္ဂ ကူညီကယ်ဆယ်ရေးအလုပ်သမားတွေ မြန်မာနိုင်ငံထဲ ၀င်ရောက်ခွင့်ကို ဗီဇာ ပေးအပ်ခဲ့ပါတယ်။
ကုလသမဂ္ဂကလေးများ ရံပုံငွေအဖွဲ့ အာရှ အကြီးအကဲကတော့ မုန်တိုင်းဒဏ် ခံရတဲ့ မြစ်ဝကျွန်းပေါ် ဒေသဟာ အခုထိ ဆိုးရွားနေဆဲဖြစ်ပြီး အဲဒီဒေသ အခြေအနေဟာ ၂၀၀၄ ခုနှစ်က ဆူနာမီးဒဏ် ခံရတုန်းက အခြေအနေလို သိပ်ကို ဆိုးရွားနေပါတယ်လို့ ပြောပါတယ်။ မြန်မာစစ်အစိုးရကတော့ သူတို့တောင်းတဲ့ ငွေပမာဏ ၁၁ ဘီလီယံကို မပေးဘဲ သန်းပေါင်း ၁၅၀ လောက်သာ ပေးဖို့ နိုင်ငံတကာကနေ ဆုံးဖြတ်ကြတဲ့အတွက် ပြစ်တင် ဝေဖန်လိုက်တဲ့အပြင် နိုင်ငံတကာ ကယ်ဆယ်ရေး ပစ္စည်းတွေထဲက ချော့ကလက် လက်ဆောင်တွေ မလိုဘဲ မုန်တိုင်းဒဏ်သင့်ဒေသက လူထုဟာ အသီးအရွက်နဲ့ ငါးစားပြီး အသက်ရှင်နေနိုင်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ အခုလို အလှူရှင်တွေ လှူကြတဲ့အထဲမှာ ချော့ကလက်တောင့်တွေ မပါတဲ့အပြင် မုန်တိုင်းသင့်ဒေသ တခုလုံး ရေငန်တွေ လွှမ်းမိုးနေတာမို့ အခုလို တုံ့ပြန်မှုအတွက် အေပီသတင်းက ဝေဖန်လိုက်ပါတယ်။ ...
31 May 2008/VOA

နိုင်ငံတကာက ကန့်ကွက်နေသည့်ကြား ဖွဲ့စည်းပုံကို စစ်အစိုးရ အတည်ပြု



မြန်မာစစ်အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုလိုက်တဲ့အကြောင်း ဒီနေ့ ညနေသတင်းမှာ ကြေညာသွားခဲ့ပါတယ်။ တချိန်တည်းမှာပဲ ကမ္ဘာ့ခေါင်းဆောင်တွေက စစ်အစိုးရကို ပြစ်တင်ရှုတ်ချတဲ့ ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။ အပြည့်အစုံကို ဦးကျော်ဇံသာက တင်ပြပေးထားပါတယ်။
ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ မူကြမ်းကို ဒီလအတွင်းပြုလုပ်ခဲ့တဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲက အတည်ပြုလိုက်ပြီလို့ စစ်အစိုးရက ကြေညာ သွားတာဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ရေးထိုးထားတဲ့ အတည်ပြုချက်ကို ကြေညာတာဖြစ်ပါတယ်။
မဲဆန္ဒရှင် ၂၄,၇၀၀,၀၀၀ ကျော်၊ ရာခိုင်နှုန်းအားဖြင့် ၉၂.၄၈% ထောက်ခံမဲပေးကြတယ်လို့ ဆိုပါတယ်။ ကန့်ကွက်မဲပေးသူက ၁,၆၀၀,၀၀၀ ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၆.၁ ရှိခဲ့ပါတယ်။ ပယ်မဲကတော့ ၄၀၀,၀၀၀ နီးပါးရှိတယ်လို့ ဖော်ပြထားပါတယ်။
ဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်တွေဖြစ်တဲ့ ချက်သမ္မတဟောင်း ဗားဆလပ် ဟာဗဲလ် (Vaclav Havel)၊ ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူး (Desmond Tutu)၊ ဂျာမဏီနိုင်ငံသမ္မတဟောင်း ရစ်ချတ် ဗွန် ၀ိုင်ဇက်ကာ (Richard von Weizsacker) တို့ကတော့ ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။
မကြာခင်က ကြုံတွေ့ခဲ့ရတဲ့ လေပြင်းမုန်တိုင်းဒဏ်ကြောင့် မြန်မာပြည်သူတွေ ဒုက္ခပင်လယ် ဝေနေရချိန်မှာ နိုင်ငံကိုအုပ်စိုးထားတဲ့ စစ်ဗိုလ်ချုပ်တွေဟာ သူတို့ရေးဆွဲတဲ့ ဖွဲ့စည်းပုံဥပဒေဆိုင်ရာ ဆန္ဒခံယူပွဲကို မဖြစ်မနေ ဆက်လက်ပြုလုပ်ခဲ့ကြတယ်၊ ရဟန်း သံဃာတော်တွေနဲ့ တိုင်းရင်းသား နယ်စပ်ဒေသကလူတွေ အတော်များများဟာ ဆန္ဒမဲပေးခွင့် မရခဲ့ကြဘူး။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ရုံးမတင်၊ တရားမစွဲဘဲ နေအိမ်အကျယ်ချုပ်မှာ ဆက်လက်ထားရှိပြီး ရွေးကောက်ပွဲဝင်ခွင့်လည်း ပိတ်ပင်ထားခဲ့တယ်။ ဒီလို အဓိပ္ပာယ်ကင်းမဲ့တဲ့လုပ်ရပ်တွေကို ကမ္ဘာကြီးက လက်သင့်ခံကြမလားလို့ မေးခွန်းထုတ်ထားပါတယ်။ မိမိတို့အနေနဲ့ကတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူ တွေဆန့်ကျင်ကြဖို့ မြန်မာအတိုက်အခံတွေရဲ့ လှုံ့ဆော်မှုကို ထောက်ခံတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် လေဘေးဒုက္ခသည်တွေအတွက် ပြည်ပအကူအညီတွေကို စစ်အစိုးရက ဟန့်တားနေခြင်းဆိုတဲ့ မဟာရက်စက်မှုကြီးကို ကမ္ဘာ့ကုလသမဂ္ဂက ရှုတ်ချရုံသာမက ဟန့်တားသင့်တယ်၊ ဒီဒုက္ခသည်တွေ ဆက်လက်သေဆုံးခဲ့ရရင် စစ်အစိုးရရဲ့တာဝန် လုံးလုံးဖြစ်စေရမယ်လို့လည်း ဖော်ပြထားပါတယ်။
နောက်ဆုံးအနေနဲ့ အဲဒီကြေညာချက်မှာ ဖော်ပြထားတာက စစ်အစိုးရရဲ့ ဆန္ဒခံယူပွဲဟာ ဒီမိုကရေစီနဲ့ လုံးဝနီးစပ်ခြင်း၊ ဒီမိုကရေစီကို ဦးတည်ခြင်းမရှိဘူး၊ စစ်အစိုးရဟာ သူ့ပြည်သူတွေကို အကာအကွယ်ပေးဖို့ ပျက်ကွက်သော်လည်း နိုင်ငံတကာက ထိထိရောက်ရောက်၊ ပြတ်ပြတ်သားသား နိုင်ငံရေးအရ အရေးယူနိုင်ခြင်း မရှိသေးဘူးလို့ ဖော်ပြထားပါတယ်။
29 May 2008/vOA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)အမေရိကားဌာနခွဲ ပထမအကြိမ်ညီလာခံနှင့်ပြင်သစ်သံရုံးရှေ့မှတ်တမ်းစါတ်ပုံ


နာဂစ်မုန်တိုင်းအခွေငှားသည့် ဆိုင်ပိုင်ရှင်ကို ဖမ်းဆီး

စစ်အစိုးရအာဏာပိုင်များက နာဂစ်မုန်တိုင်းတိုက်ခတ်စဉ် မှတ်တမ်းတင်ထားသည့် ဗွီစီဒီအခွေ ငှားရမ်းသူတဦးကို ဖမ်းဆီးခဲ့သည်။
ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ အမှတ် (၂) ရပ်ကွက်နေ ဗွီဒီယိုအခွေအငှားဆိုင်ပိုင်ရှင် ကိုထင်ကျော်ဆိုသူအား ယမန်နေ့ ညနေ (၆) နာရီခန့်က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။
“နာဂစ်အခွေငှားလို့ဆိုပြီးတော့ ဆိုင်ကိုဝင်ရှာတာ၊ အဲဒီမှာ မုန်တိုင်းတိုက်တဲ့အခွေသုံးခွေတွေ့လို့ ဖမ်းသွားတာ၊ အခုထိပြန်မလွှတ်သေးဘူး” ဟု မျက်မြင်သက်သေတဦးက ပြောသည်။
ကိုထင်ကျော်ကို လာရောက်ဖမ်းစဉ် အောင်ပန်းမြို့နယ် ရဲတပ်ဖွဲ့မှ စခန်းမှူးနှင့်ရဲများအပြင် (ရယက)အဖွဲ့ဝင်များလည်းပါသည်ဟု ၎င်းကဆက်လက်ပြောသည်။
ကိုထင်ကျော်ကိုလာရောက်ဖမ်းဆီးပုံနှင့်ပတ်သက်၍ အိမ်နီးနားချင်းတဦးက “သူတို့က အရင်ဆုံး လူတယောက် လွှတ်ပြီးတော့ အဲဒီအခွေကို ငှားခိုင်းတာ၊ ပြီးတော့အဲ့ဒီအခွေကို ယူလာပြီး ဖမ်းတာ”ဟု ပြောသည်။
အဆိုပါ မုန်တိုင်းတိုက်ခတ်သည့် မှတ်တမ်းခွေများကို ရန်ကုန်မြို့ပေါ်နေရာအနှံ့ပြားတွင် ရောင်း ချနေပြီး အာဏာပိုင်များဘက်က တစုံတရာဖမ်းဆီးခြင်းမရှိသေးကြောင်း ရန်ကုန်မြို့ခံတဦးက ဆိုသည်။
“ရန်ကုန်မှာတော့ ဒီလိုဘဲရောင်းနေကြတာဘဲ၊ ဘာမှဖမ်းတာ မရှိဘူး၊ လမ်းဘေးဆိုင်တော်တော် များများမှာ ချရောင်းနေကြတာဘဲ၊ တခွေကို (၄၀၀) ကျပ်နဲ့ ရောင်းနေတာ”ဟု ပြောသည်။
ယင်းကဲ့သို့ ရောင်းချနေသည့် အခွေများတွင် လပွတ္တာ၊ ဘိုကလေး၊ ကွမ်းခြံကုန်းမြို့နယ်များမှ ဖြစ်ရပ်မှန် မှတ်တမ်းခွေများဖြစ်ပြီး ယခုရက်ပိုင်းအတွင်း လူသေအလောင်းများကိုသာ ရိုက်ထား သည့်အခွေသစ်များ ထပ်ထွက်နေကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။
ထို့အပြင် အချို့အခွေများတွင် စစ်တပ်မှ လုပ်ဆောင်နေပုံကို ဦးစားပေးရိုက်ကူးထားသည့် အခွေများဖြစ်ပြီး အာဏာပိုင်များဘက်မှ ၀ါဒဖြန့်ချိသည့်သဘောဖြင့် လုပ်ဆောင်နေခြင်း ဖြစ် သည်ဟု ရန်ကုန်မြို့ခံများကြားတွင် ပြောဆိုနေလျှက်ရှိသည်။
ဗထူး။ မေ ၂၈၊ ၂၀၀၈ /ရိုးမ ၃

ဆိုင်ကလုံး နာဂစ်အပြီး ဖြစ်ရပ်မှန်မှတ်တမ်း(၁၀)ဗီဒီယို

http://link.brightcove.com/services/link/bcpid1576360973/bctid1577898018
မေလ ၂၈၊၂၀၀၈/မဇျွိမသတင်း

ဒေါ်စု အကျယ်ချုပ်သက်တမ်းတိုးခြင်းကို အဖွဲ့ချုပ်နှင့် နိုင်ငံတကာက ရှုတ်ချ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရက နေအိမ်အကျယ်ချုပ် ထပ်မံတိုးလိုက် ခြင်းသည် ဥပဒေနှင့် လုံးဝမညီကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ပြောသည်။
ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အပေါ် အကျယ်ချုပ်သက်တမ်းတိုးခြင်းသည် ဥပဒေနှင့် မညီညွတ်သည်ကို တင်ပြရန် အဆင်သင့်ရှိကြောင်းနှင့် နအဖ အစိုးရအနေနှင့် ဒေါ်အောင်ဆန်းစုကြည်အား ဥပဒေအရ အယူခံခွင့်လည်း ပေးရမည် ဖြစ်ကြောင်း အန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောသည်။
“အခုဟာ က လုံးဝလုံးဝကို ဥပဒေနဲ့ မညီတဲ့ အတွက် အယူခံကို တင်ပါ့မယ်၊ ကျနော်တို့ အယူခံမှာ ပွင့်ပွင့်လင်းလင်း ဥပဒေနဲ့အညီ ကမ္ဘာသိအောင်လျှောက်လှဲ တင်ပြချင်ပါတယ်၊ ဒီလို ဥပဒေနဲ့ မညီတဲ့အမိန့်ကို ထုတ်ခဲ့တဲ့ နအဖ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေ အရ အယူခံခွင့်ကို ပေးပါလို့ပြောလိုပါတယ်”ဟု ဦးဥာဏ်ဝင်းက ပြောဆိုသည်။
နအဖ စစ်အစိုးရအနေနှင့် ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ဖြင့် ထားရှိခြင်းမှာ ဥပဒေနှင့် ညီညွတ်သည် ဆိုပါက အထောက်အထားနှင့်တကွ တင်ပြရန်လည်း ဦးဥာဏ်ဝင်းက တောင်းဆိုလိုက်သည်။
တချိန်တည်းတွင် ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များနှင့် နိုင်ငံ့ ခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်အား ယခုကဲ့သို့ နေအိမ်အကျယ်ချုပ်တိုးလိုက်ခြင်းကို အလွန်ဝမ်းနည်းကြောင်းနှင့် စစ်အစိုးရ အနေနှင့် ကိုယ့်ဥပဒေ ကိုယ်ပြန်ချိုးဖောက်ခြင်းဖြစ်ကြောင်း ဝေဖန်ပြောဆိုကြသည်။
ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းက“ဒေါ်အောင်ဆန်းစုကြည်ကို ၆ နှစ် ဆက်တိုက် နေအိမ်အကျယ်ချုပ်ချတဲ့ မြန်မာစစ်အစိုးရရဲ့ ဆုံးဖြတ်ချက်အပေါ် ကျနော် ဝမ်းနည်းမိပါတယ်”ဟု ပြောဆိုသည်။
မစ္စတာ ဘန်ကီမွန်းသည် လေဘေးဒုက္ခသည်များ ကူညီရေးအတွက် မြန်မာနိုင်ငံသို့ သွားရောက်၍ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံကာ ပြန်လာပြီးနောက် အင်္ဂါနေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
အမေရိကန် သမ္မတ ဂျော့ဘုရှ် ကလည်း“အခုလို နိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်အစိုးရက နေအိမ် အကျယ်ချုပ်သက်တမ်း တိုးလိုက်တာ ကျနော် အလွန်စိတ်မကောင်းဖြစ်မိပါတယ်”ဟု ပြောဆိုလိုက်ပြီး နိုင်ငံရေးအကျဉ်းသား အားလုံးကိုပြန်လွှတ်ပေးရန်နှင့် ဒေါ်အောင်ဆန်း စုကြည်အပါအဝင် တခြားသော ဒီမိုကရေ စီအင်အားစုများ ၊ တိုင်းရင်းသား အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် စစ်အစိုးရကို တိုက်တွန်း တောင်းဆိုသည်။
အမေရိကန် လူ့အခွင့်အရေးအဖွဲ့တဖွဲ့ဖြစ်သော (Freedom Now) အဖွဲ့ အကြီးအကဲ ဥပဒေပညာရှင် ရှေ့နေ ဂျာရက်ဒ် ဂန်ဆာက“ဒေါ်အောင်ဆန်းစုကြည်ကို အခုလို အကျယ်ချုပ် သက်တမ်းတိုးလိုက်တာကို အံသြစရာ မရှိပါဘူး၊ ဒါဟာ စစ်အစိုးရ က ကိုယ့်ဥပဒေ ကိုယ်ပြန်ချိုးဖောက်တာပဲ ဖြစ်ပါတယ်”ဟု ပြောသည်။
စစ်အစိုးရသည် ယခုကဲ့သို့ မြန်မာလူထု သန်းပေါင်း များစွာ အခက်အခဲ ဒုက္ခ ဖြစ်နေချိန်တွင် အခြေခံဥပဒေ အတည်ပြု ဆန္ဒခံယူပွဲကို ၂ ကြိမ် ပြုလုပ်ကာ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း နေအိမ် အကျယ်ချုပ် သက်တမ်း တိုးလိုက်ခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ် နိုင်ငံရေးအရကယ်ဆယ်ရေးလုပ် နေခြင်းဖြစ်သည်ဟု လည်း ရှေ့နေ ဂျာရက်ဒ် ဂန်ဆာက ဆက်ပြောသည်။
ယင်းသို့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် ယမန်နေ့ နေ့လယ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် (အန်အယ်လ်ဒီ) လူငယ်အဖွဲ့က ဦးဆောင်ပြီး အန်အယ်လ်ဒီ ရုံးချုပ်ရှေ့မှ ဒေါ်အောင်ဆန်းစုကြည် နေအိမ် ရှေ့အထိ ဦးတည်၍ လူ ၅၀ ခန့် လမ်းလျှောက်ချီတက် ဆန္ဒပြကြရာ အာဏာပိုင်များ က ဖြိုခွဲ ဖမ်းဆီးခဲ့သည်။
စစ်အစိုးရက သတ်မှတ်ထားသည့် ထိန်းသိမ်း ချုပ်နှောင်ကာလသည် မေလ ၂၄ ရက်နေ့တွင် ၅ နှစ် တိတိ ပြည့် မြောက်ခဲ့ပြီ ဖြစ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းပြန်လွှတ်ရန် ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က မေလ ၂၄ ရက်နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်၍ တောင်းဆိုထားသည်။
ပြီးခဲ့သည့် သောကြာနေ့ကလည်း Freedom Now အဖွဲ့မှ ဥပဒေပညာရှင် ရှေ့နေ ဂျာရက်ဒ် ဂန်ဆာနှင့် မဂ္ဂန် ဘာရွန် တို့က မြန်မာနိုင်ငံ ဥပဒေကြောင်းအရ မေလ ၂၄ ရက်နေ့ ည သန်းခေါင်ယံတွင် ချုပ်နှောင်ကာလ ပြီးဆုံး ပြီဖြစ်သော ကြောင့် ဒေါ်အောင်ဆန်းစုကြည်အား ပြန်လည်လွှတ်ပေးရန် ကြေညာချက်တစောင် ထုတ်ပြန်၍ စစ်အစိုးရသို့ တောင်းဆိုခဲ့သည်။
ယခု ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးအရေးယူထားသည့် ဥပဒေ ပုဒ်မ ၁၀ (ခ) အရ ဆက်လက်ဖမ်းဆီး ချုပ်နှောင်ရန် ဖြစ်စေ၊ ဆက်လက်တားဆီးမှုများ ပြုလုပ်ရန်ဖြစ်စေ တကြိမ်တွင် တနှစ်ထက်မပိုစေဘဲ စုစုပေါင်း (၅) နှစ် အထိသာ အရေး ယူနိုင်ကြောင်း သိရသည်။ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်မှုအပြီးမှ စတင်၍ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသည်မှာ ၅ နှစ် ရှိပြီဖြစ်သည်။ ၁၉၈၉ ခုနှစ်မှစ၍ နေအိမ် အကျယ်ချုပ် ဘဝဖြင့် နေရချိန် စုစုပေါင်းမှာ ၁၂ နှစ်ကျော်ပြီဖြစ်သည်။
ကိုစိုး မေ ၂၈၊ ၂၀၀၈/The Irrawaddy

မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှု ပိုဆိုးလာဟု လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့က ဖော်ပြ

ကုလသမဂ္ဂရဲ့ တကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို ပြုခဲ့ကြတာ အနှစ်၆၀ဆယ် ပြည့်ခဲ့ပေမယ့် နိုင်ငံတကာ အပါအ၀င် နိုင်ငံတော်တော်များများဟာ အဲဒီကြေညာချက်စာတမ်း လိုက်နာမှုမရှိဘဲ လူ့အခွင့်အရေးတွေ ချိုးဖောက် နေဆဲပဲ ဖြစ်တယ်လို့ ဒီနေ့ထုတ်ပြန်တဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ရဲ့နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြ လိုက်ပါတယ်။ အကြောင်းစုံကို ဒေါ်ခင်စိုးဝင်းက တင်ပြပါတယ်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်ရဲ့ ၂၀၀၇ခုနှစ် လူ့အခွင့်အရေး နှစ်ပတ်လည် အစီရင်ခံမှာ ဖော်ပြ ထားတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို တင်ပြပါမယ်။
၂၀၀၇ခုနှစ်က ရွှေဝါရောင် တော်လှန်ရေး အတွင်း ရဟန်းရှင်လူ ပြည်သူလူထုကို အကြမ်းဖက် နှိမ်နှင်းတာတွေ ဖမ်းဆီးတာတွေကို အဲဒီအစီရင်ခံစာက မီးမောင်းထိုးပြထားပါတယ်။ မြန်မာ နိုင်ငံအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မရှိတာတွေ လူ့အခွင့်အရေး ခုခံကာကွယ်မှုတွေကို ဥပဒေမဲ့ မတရား နှိပ်ကွပ်နေတာတွေ၊ တိုင်းရင်းသား လူနည်းစုတွေ အပေါ် ဖိနှိပ်နေတာတွေ၊ နိုင်ငံရေး အကျဉ်းသားတွေကို ဆက်လက်ထိန်းသိမ်းထားတာတွေ၊ ရွှေဝါရောင် တော်လှန်ရေး ကြီး အပြီး စာရင်းမရှိ ပျောက်ဆုံးနေသူတွေရဲ့ အရေး၊ အကျဉ်းထောင်တွေအတွင်း ယိုယွင်းနေတဲ့ အခြေအနေတွေ၊ အချုပ်ကျခံ၊ အထိန်းသိမ်းခံနေရတဲ့ အချိန်မှာ နှိပ်စက်ခံရလို့ သေဆုံးရတာတွေကို မှတ်တမ်းတွေ၊ နာမည်တွေနဲ့တကွ ဖော်ပြထားတာပါ။
ဗမာပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ပြုပြင်ပြောင်းလဲမှုတွေ ရှိလာအောင် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး အနေနဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို မျက်ချည်မပြတ် ဖိအားပေးသွားမှာ ဖြစ်တယ်လို့ အဲဒီအဖွဲ့ရဲ့ အာရှရေးရာ တာဝန်ခံ တဦးဖြစ်တဲ့ ဘန်ဂျမန် ဇ၀ါစကီးက ဗွီအိုအေကို ပြောပြပါတယ်။
“နှစ်ပေါင်းလေးဆယ် မြန်မာနိုင်ငံအတွင်း ဖိနှိပ်အုပ်ချုပ်မှုတွေက ပြောရရင် အရင် အခြေအနေမျိုးလို့တောင် ပြောလို့ မရပါဘူး။ ပိုဆိုးလာတယ်လို့ ပြောရမှာပါ။ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ ကုလသမဂ္ဂက မြန်မာ့အရေးကို အမြဲတစေ ဆွေးနွေး ဖြေရှင်းရမယ့် အစီအစဉ်မှာ ရှိနေအောင် လုပ်ဆောင်နေဖို့ အရေးကြီးပါတယ်။ အနောက်နိုင်ငံတွေနဲ့ အထူးသဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တာဝန်ရှိတယ်လို့ မြင်ပါတယ်။ မြန်မာနိုင်ငံအရေး ဆုံးဖြတ်ချက်တွေ ချယုံတင်မဟုတ်ဘဲနဲ့ ပြတ်ပြတ်သားသား အရေးယူတာမျိုးတွေ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ ကုလသမဂ္ဂတခုလုံးနဲ့ လူ့အခွင့်အရေး ကောင်စီတွေက မြန်မာနိုင်ငံအတွင်းမှာ လူ့အခွင့်အရေးကို ကာကွယ်နိုင်အောင် လုပ်ဆောင်ဖို့ ဆက်ပြီး တိုက်တွန်းသွားမယ်ဆိုတာ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးအနေနဲ့ အခိုင်အမာ ဆုံးဖြတ်ထားပါတယ်။”
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၁၈၀၀ကျော်ကို လွှတ်ပေးဖို့အတွက် Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး ကုလသမဂ္ဂနဲ့ အခြား ကမ္ဘာ့နိုင်ငံတွေကနေပြီး အမြဲတောင်းဆိုနေပေမယ့် နိုင်ငံရေး အကျဉ်းသားတွေကိုလည်း လွှတ်မပေးတဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေအိမ်အကျယ်ချုပ် သက်တမ်း ထပ်တိုးလိုက်တဲ့ အပေါ်မှာလည်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက ပြစ်တင် ရှုံးချလိုက်ပါတယ်။
သဘာဝ ဘေးအန္တရယ် ကျရောက်လို့ အတိဒုက္ခရောက်နေရတဲ့ ပြည်သူလူထုကို စစ်အစိုးရရဲ့ ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီးတော့လည်း ဘန်ဂျမန် ဇ၀ါစကီးက အခုလို ဝေဖန်လိုက်ပါတယ်။
“ဆိုင်ကလုန်းမုန်တိုင်းကြောင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းအကြားမှာ မြန်မာနိုင်ငံကို ပိုပြီး သိလာနေကြပါတယ်။ စီးပွားရေး။ လူမှုရေး ယဉ်ကျေးမှုစတဲ့ ဘက်ပေါင်းစုံက မြန်မာပြည်သူတွေရဲ့ အခွင့်အရေး အားလုံး ချိုးဖေါက်ခံနေရပါတယ်။ ဒုက္ခသည်တွေကို ကူညီခွင့်၊ ဒုက္ခသည်တွေအနေနဲ့ ခိုလှုံ နေထိုင်ခွင့်နဲ့ ရပ်တည်ခွင့် ဒီအခြေအနေမှာ အားလုံး ဆုံးရှုံးနေတာကို တွေ့ရမှာပါ။ ”
နာဂစ်ဆိုင်လုံး မုန်တိုင်းကြောင့် လူတွေ ဒုက္ခရောက်နေကြတဲ့ အထဲမှာ ကယ်ဆယ်ရေးကို အသာဘေးချိတ်ပြီးတော့ အာဏာတည်မြဲရေး အတွက် အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးရဲ့ သုံးသပ်ချက်က ဒီလိုပါ။
“ဖွဲ့စည်း ပုံအခြေခံဥပဒေ အသစ်က စိုးရိမ်စရာ ကောင်းပါတယ်။ လူ့အခွင့်အရေးကို အကာအကွယ် မပေးရုံတင် မဟုတ်ဘဲ၊ မြန်မာ စစ်အစိုးရထဲက လက်ရှိနဲ့ နောင် လူ့အခွင့်အရေး ချိုးဖေါက်ခဲ့သူတွေကို အပြစ်ပေး အရေးယူတာမျိုးမလုပ်ဘဲ လွတ်ငြိမ်းခွင့် ပေးထားတဲ့ ဖွဲ့စည်းပုံမျိုးလည်း ဖြစ်ပါတယ်။ ဖွဲ့စည်းပုံကို အတည်ပြုသည်ဖြစ်စေ။ အတည်မပြုသည်ဖြစ်စေ လူ့အခွင့်အရေး ကို ထည့်သွင်းစဉ်းစားမထားတဲ့ ဖွဲ့စည်းပုံပါ။ အခုအခြေအနေမှာ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဒီဖွဲ့စည်းပုံကို လက်မခံပါဘူး။ ဒီဖွဲ့စည်းပုံက လူ့အခွင့်အရေးကို ကာကွယ်ပေးနိုင်မှာမဟုတ်ပါဘူး။”
လူ့အခွင့်အရေးတွေ ချိုးဖောက်နေတဲ့ နိုင်ငံအတော်များများရဲ့ အစိုးရတွေဟာ လူထုကို တောင်းပန်ဖို့ တာဝန်ရှိတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် အိုင်ရင်းခန်းက ပြောပါတယ်။ ဒါပေမဲ့ အဲဒီအစိုးရတွေရဲ့ မတရားမှုတွေကို ဖော်ထုတ်ပြီး တရားမျှတရေး၊ လူ့အခွင့်အရေးအတွက် တောင်းဆိုခဲ့ကြတဲ့ ကမ္ဘာတ၀ှမ်းက လူထုကို ချီးကျူးလိုက်ပါတယ်။
“၂၀၀၇ခုနှစ်ကို ကျမတို့ ပြန်ကြည့်ရင် မြန်မာပြည်က သံဃာတော်တွေ၊ ပါကစ္စတန်က ရှေ့နေတွေကို အထူးမှတ်တမ်းတင်ကြရမှာပါ။ တကယ်တော့ လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ အစိုးရတွေကို အရှက်ခွဲနိုင်ခဲ့တဲ့ သူတွေဟာ လမ်းမပေါ်က လူထုပါပဲ။”
မြန်မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်း ၁၅၀ရဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေကို လေ့လာပြီး ဒီအစီရင်ခံစာကို ပြုစုထားတာဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန် ပြည်ထောင်စုဟာ ဂွာတာနာမို ပင်လယ်အော်နဲ့ အာဖဂန်နစ္စတန် နိုင်ငံမှာရှိတဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ ရုံးတင်စစ်ဆေးတာတွေ မရှိဘဲနဲ့ အကျဉ်းသားတွေကို ဆက်လက် ထိန်းသိမ်းထားတာတွေနဲ့ စစ်ဆေးမေးမြန်းတဲ့ နည်းစနစ်တွေကို ဝေဖန်ထားသလို သေဒဏ်အပြစ်ပေးတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ သဘောတူညီချက်ကို လိုက်နာကျင့်သုံးဖို့ ပျက်ကွက်နေတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒုတိယ ကမ္ဘာစစ်အပြီး ၁၉၄၈ခုနှစ်က အတည်ပြု ပြဌာန်းခဲ့တဲ့ ကမ္ဘာလုံး ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်းဟာ ထူးခြား ပြောင်မြောက်တဲ့ ခေါင်းဆောင်မှုကနေ ပေါ်ထွက်လာတာမို့ လူသားတိုင်း တန်ဖိုးထား လိုက်နာရမှာ ဖြစ်တယ်လို့ အမေရိကန် သမ္မတကတော် အယ်လီနာ ရုစဗက်က ပြောခဲ့ဖူးပါတယ်ရှင်။
May 28 2008/VOA

ဒေါ်စု နေအိမ်အကျယ်ချုပ် သက်တမ်းတိုးမှု သမ္မတဘုရှ် လွန်စွာ စိတ်အနှောင့်အယှက်ဖြစ်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အကျယ်ချုပ်သက်တမ်းကို မြန်မာစစ်အစိုးရက ထပ်တိုးလိုက်တဲ့အပေါ် အမေ ရိကန်ပြည်ထောင်စုက အင်္ဂါနေ့မှာ အပြင်းအထန် ဝေဖန်လိုက်ပါတယ်။ အခုလို မြန်မာစစ်အစိုးရအပေါ် ဝေဖန်မှုတွေ ရှိပေမယ့်လည်း မြန်မာဆိုင်ကလုံး ဒုက္ခသည်တွေအတွက် အကူအညီတွေကိုတော့ အမေရိကန်ပြည်ထောင်စုက ဆက်ပေးသွားမှာဖြစ်တယ်လို့ အမေရိကန်သမ္မတ ဘုရှ်က ဆိုပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာနကနေ ဗွီအိုအေသတင်းထောက် ဒေးဗစ် ဂေါလ်လပ်စ်တ် (David Gollust) သတင်းပေးပို့ထားတဲ့အတိုင်း မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။
လွန်ခဲ့တဲ့ ၅ နှစ်က မြန်မာစစ်အစိုးရလက်ကိုင်တုတ် အဖွဲ့အစည်းတွေက အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ ဒီပဲယင်းလုပ်ကြံသတ်ဖြတ်မှု ဖြစ်ပွားခဲ့တဲ့ အချိန်ကတည်းကစလို့ မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထားသလို အခုလို ဆက်ပြီး အကျယ်ချုပ်သက်တမ်း တိုးလိုက်တဲ့အပေါ်မှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ သိပ်ကို စိတ်အနှောင့်အယှက် ဖြစ်ရတယ်လို့ သမ္မတဘုရှ်က ဆိုပါတယ်။
မြန်မာစစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး ပြန်လွှတ်ပေးဖို့နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီအင်အားစုတွေ ပါဝင်တဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးမှုစတင်ဖို့ သမ္မတဘုရှ်က ကြေညာချက်တစောင်ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။
၁၉၉၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့ပေမယ့် မြန်မာစစ်အစိုးရက အာဏာလွှဲမပေးခဲ့တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေအိမ်အကျယ်ချုပ် ချထားခဲ့ပါတယ်။ အဲဒီအချိန်ကတည်းကစလို့ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်နဲ့ပဲ အများအားဖြင့် ရှိနေခဲ့တာပါ။
မြန်မာစစ်အစိုးရက နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျယ်ချုပ်သက်တမ်းကို တိုးလိုက်တာဟာ သူတို့လုပ်နေကြအရာတခု လုပ်လိုက်တာဖြစ်လို့ အံ့သြစရာမဟုတ်ပေမယ့် မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက်တော့ ဒါဟာ ၀မ်းနည်းစရာအချက်ပါလို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ရှောင် မက်ကောမက် (Sean McCormack) က မှတ်ချက်ချ ပြောဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ဆက်လက်ထိန်းသိမ်းထားတာနဲ့ပတ်သက်ပြီး အမေ ရိကန်ပြည်ထောင်စုက အပြင်းအထန် ဝေဖန်ရှုတ်ချပေမယ့် ဒီ့အတွက်ကြောင့် မြန်မာနိုင်ငံက မုန်တိုင်းဒုက္ခသည်တွေအတွက် အမေရိကန်အစိုးရရဲ့ ကူညီကယ်ဆယ်ရေး ကြိုးပမ်းမှုတွေကိုတော့ ထိခိုက်မှာမဟုတ်ပါဘူးလို့ အမေရိကန်သမ္မတဘုရှ်က ပြောဆိုခဲ့သလိုပဲ ရှောင် မက်ကောမက်ကလည်း ဒါကို ထပ်လောင်း ပြောဆိုခဲ့ပါတယ်။
“ကျနော်တို့အနေနဲ့ ဒီကိစ္စနှစ်ခုကို ခွဲခြားထားပါတယ်။ မြန်မာစစ်အစိုးရရဲ့ ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ကျနော်တို့ အရင်ကတည်းက လူသိရှင်ကြား ပြောဆိုနေခဲ့ကြတဲ့အတိုင်း အခုလည်း ဒီအတိုင်းပါပဲ။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီးတော့ ဆက်ပြီး ဝေဖန်ပြောဆိုမှုတွေကို လုပ်သွားမှာပါ။ ဒါပေမယ့် မြန်မာစစ်အစိုးရရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်လို့ ကျနော်တို့ အခုလို ဝေဖန်ပြောဆိုနေတဲ့ တချိန်တည်းမှာ မြန်မာနိုင်ငံသားတွေအတွက် အခုအချိန်မှာ တကယ့်ကိုလိုအပ်နေတဲ့ လူသားချင်းစာနာမှု အကူအညီတွေ၊ အထောက်အပံ့တွေပေးဖို့ ကျနော်တို့ ဆက်ပြီးကြိုးစားသွားမှာပါ။”
မြန်မာနိုင်ငံက မုန်တိုင်းဒုက္ခသည်တွေအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ အမေ ရိကန်ပြည်ထောင်စုက ကူညီဖို့ ကတိပြုထားသလို အခြေခံလိုအပ်ချက် အထောက်အပံ့ ပစ္စည်းတွေကိုလည်း လေယာဉ်နဲ့ ရန်ကုန်မြို့ကို ပို့ပေးခဲ့ပါတယ်။ ဒါပေမယ့် မုန်တိုင်းဒုက္ခသည်တွေ အမှန်တကယ်လိုအပ်နေတာကို ကူညီနိုင်ဖို့ မုန်တိုင်းဒဏ် အဆိုးဝါးဆုံး သင့်ခဲ့တဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ အမေရိကန် ကူညီကယ်ဆယ်ရေးအဖွဲ့တွေကိုတော့ မြန်မာစစ်အစိုးရက လာရောက်ခွင့်မပြုပါဘူး။ အဲဒီဒေသက ဒုက္ခသည်တွေကို အမေရိကန်စစ်ဖက်က အထောက်အပံ့ပစ္စည်းတွေ တိုက်ရိုက်ဖြန့်ဝေခွင့်ကိုလည်း မြန်မာစစ်အစိုးရက ပိတ်ပင်ထားဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနဲ့ ကုလသမဂ္ဂနဲ့ အာဆီယံအသင်းကြီးက ကမကထပြု ကြီးမှူးကျင်းပခဲ့တဲ့ အလှူရှင်များညီလာခံမှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာတော့ သန်းနဲ့ချီတဲ့ မုန်တိုင်းဒုက္ခသည်တွေကိုကူညီဖို့ အမေရိကန်အနေနဲ့ အထောက်အပံ့ပစ္စည်းတွေနဲ့အတူ ကျွမ်းကျင်တဲ့ ကယ်ဆယ်ရေးလုပ်သားတွေ ကမ်းလှမ်းထားတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ထပ်လောင်းပြောဆိုခဲ့ပါတယ်။
မုန်တိုင်းဒဏ်သင့်ဒေသတွေမှာ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေ လာရောက်ကူညီခွင့်ပြုမယ်လို့ မြန်မာစစ်အစိုးရက ပြီးခဲ့တဲ့အပတ်က ကတိပြုထားတဲ့အတိုင်း ဒါကို ချက်ချင်း အကောင်အထည်ဖော်ဖို့ကိုလည်း အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။
အများဝေဖန်ခံနေရတဲ့ မြန်မာစစ်အစိုးရရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အတည် ပြုနိုင်ရေးအတွက် မုန်တိုင်းဒဏ်သင့်ဒေသတွေမှာ ရွှေ့ဆိုင်းထားတဲ့ လူထုဆန္ဒခံယူပွဲကို မြန်မာစစ်အစိုးရက ပြီးခဲ့တဲ့စနေနေ့က အပြီးသတ် ဆန္ဒကောက်ယူခဲ့တဲ့အပေါ်မှာလည်း စိတ်ပျက်မိတဲ့အကြောင်း ဒီကြေညာချက်ထဲမှာ ဆက်လက်ဖော်ပြထားပါတယ်။

28 May 2008/ VOA

ဒေါ်စု ဆက်လက်ထိန်းသိမ်းထားခြင်း ကုလ အတွင်းရေးမှူးချုပ် စိတ်မကောင်းဖြစ်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ချထားမှု ဆဋ္ဌမနှစ် သက်တမ်းတိုးဖို့ စစ်အစိုးရက ဆုံးဖြတ်လိုက်တဲ့အတွက် အကြီးအကျယ် စိတ်အနှောင့်အယှက် ဖြစ်ရတယ်လို့ အမေရိကန်သမ္မတ ဂျော့ခ်ျဘုရှ် (George Bush) က ပြောပါတယ်။
အသက် ၆၂ နှစ်အရွယ်ရှိ မြန်မာ့အတိုက်အခံခေါင်းဆောင်ဟာ လွန်ခဲ့တဲ့ ၁၈ နှစ်တာကာလအတွင်း ၁၂ နှစ်ကျော် နေအိမ်အကျယ်ချုပ် ချခံနေခဲ့ရပါတယ်။ မြန်မာ့နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးပါ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တခြားသော ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားအဖွဲ့အစည်းများနဲ့ နိုင်ငံရေးစကားဆိုပါလို့ သမ္မတအိမ်ဖြူတော်က စစ်အစိုးရကို အင်္ဂါနေ့က တိုက်တွန်းလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ချထားမှု သက်တမ်းတိုးခြင်းဟာ မြန်မာပြည်က နိုင်ငံရေးလွတ်လပ်ခွင့်အတွက် ၀မ်းနည်းစရာတရပ်ဖြစ်တယ်၊ ဒါပေမယ့် ဆိုင်ကလုံးလေပြင်းမုန်တိုင်းဒဏ် ခံလိုက်ရတဲ့ ဒုက္ခသည်များအတွက် ကယ်ဆယ် ထောက်ပံ့ရေးကိုတော့ ထိခိုက်စေမှာမဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာနကလည်း ကြေညာပါတယ်။
မြန်မာစစ်အစိုးရ တာဝန်ခံများ ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ မနေ့က သွားရောက်ပြီးနောက် နေအိမ်အကျယ်ချုပ်ချထားမှု သက်တမ်းတိုးကြောင်း အသိပေး ပြောဆိုခဲ့ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုက နိုင်ငံတကာအသိုင်းအ၀ိုင်းအဖို့ အလွန်အရေးအကြီးဆုံးနဲ့ အကြီးအကျယ်စိုးရိမ်ရတဲ့ အမှုတွေထဲမှာ တခုအပါအ၀င်ဖြစ်ကြောင်း ပြောဆိုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား နိုင်ငံရေးအကျဉ်းသားအားလုံး စောနိုင်သမျှစောပြီး လွတ်လာကြတာကို မြင်တွေ့ရရေး ကုလသမဂ္ဂက ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ကတိပြု ပြောဆိုသွားပါတယ်။
မြန်မာစစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကိစ္စကို ထည့်သွင်းဆွေးနွေးခြင်း မပြုခဲ့ဘူး၊ ဘာကြောင့်လဲဆိုတော့ သူ မြန်မာပြည်ကိုသွားရောက်တာဟာ နာဂစ်ဆိုင်ကလုံးမုန်တိုင်း ဘေးသင့်ခံရတဲ့အတွက် ကူညီဖို့ကိစ္စဖြစ်ပြီး နိုင်ငံရေးကိစ္စမဟုတ်လို့ ဆွေးနွေးခဲ့ခြင်းမပြုတာလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ရှင်းပြပြောဆိုပါတယ်။
05/28/2008/ VOA

ဆန္ဒခံယူပွဲရလဒ် စီအာပီပီ အသိမှတ်မပြု

(၉၂.၄၈) ရာခိုင်နှုန်းက ထောက်ခံသည်ဟု ယမန်နေ့ ထုတ်ပြန်ခဲ့သည့် စစ်အစိုးရ၏ ဆန္ဒခံယူပွဲ ရလဒ်အပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (စီအာပီပီ) က အသိအမှတ်မပြုကြောင်း ပြောကြားသည်။
စီအာပီပီ အတွင်းရေးမှူး ဦးအေးသာအောင်က ယနေ့ကျရောက်သော (၁၈) နှစ်မြောက် (၉၀) ပြည့်နှစ်ရွေးကောက်ပွဲနေ့အထိ ကိုယ်တိုင်ကျင်းပပေးခဲ့သည့် ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရက လျစ်လျူရှုထားပြီး သဘာဝကပ်ဘေးကြီး ကျရောက်နေချိန်၌ပင် အတင်းအဓမ္မ ပြုလုပ်ခဲ့သည့် ဆန္ဒခံယူပွဲကို အသိမှတ်မပြုကြောင်း ပြောသည်။
၎င်းက “(၉၂) ရာခိုင်နှုန်းကျော်ကျော်ရတယ်ပဲ ပြောပြော၊ ဒါကတော့ ဘယ်လိုပဲ ပြောပြောပါ။ လုံးဝ စီအာပီပီအနေနဲ့သော်လည်းကောင်း၊ အန်ကယ် တဦးတယောက်တည်းအနေနဲ့သော်လည်း ကောင်း လုံးဝလက်ခံမှု မရှိပါဘူး။ ဒါဟာ ပြည်သူတွေရဲ့ဆန္ဒအစစ်အမှန်လည်း မဟုတ်ဘူး” ဟု ပြောသည်။
ယခုကဲ့သို့ လမ်းပြမြေပုံအတိုင်း လုပ်ဆောင်နေမှုများသည် မကောင်းသည့် အစဉ်လာများဖြစ် ကြောင်း၊ တဖက်သတ် လုပ်ဆောင်နေမှုများသည် ယာယီအားဖြင့် လုပ်ဆောင်နိုင်သော်လည်း ရေရှည်တွင် တမျိုးသားလုံး ထောက်ခံမှုနှင့် ညီညွတ်မှုကို မရသည့်အတွက် တိုင်းပြည်အနာဂတ် အတွက် စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
စီအာပီပီကို တရားဝင် ပြည်သူ့လွှတ်တော် ခေါ်ယူခွင့် မရသည့်အတွက် အန်အယ်လ်ဒီအပါအ၀င် (၉၀) ပြည့် ရွေးကောက်ပွဲအနိုင်ရပါတီများမှ ကိုယ်စားလှယ်များဖြင့် ၁၉၉၈ ခုတွင် ဖွဲ့စည်းခဲ့သည်။
ဆန္ဒခံယူပွဲ ရလဒ်အပေါ် ပြည်တွင်းပြည်ပမှ အတိုက်အခံ အင်အားစုများကလည်း အသိမှတ် မပြုကြောင်း သဘောထားကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့က ထိုင်း-မြန်မာနယ်စပ်တနေရာ၌ ယနေ့ကျင်းပသည့် ၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ (၁၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်း အမှတ်အခမ်းအနားတွင်လည်း နအဖကြေညာသည့် လူထုဆန္ဒခံယူပွဲ ရလဒ်နှင့် ပတ်သက်၍ လက်မခံနိုင်ကြောင်း ရှုတ်ချပြောဆိုသည်။ ။

ကျော်ထင်/ ၂၇ မေ ၂၀၀၈/ခေတ်ပြိုင်

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးဆန္ဒပြသည့် nld အဖွဲ့ဝင်များအဖမ်းခံရ


ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆန္ဒပြသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ် ဒီ) ပါတီဝင် (၁၅) ဦးကို ယနေ့ နေ့လယ်ပိုင်းက လုံထိန်းရဲတပ်ဖွဲ့က ဖမ်းဆီးသွားကြောင်း အန်အယ်လ်ဒီ ဗဟိုဌာနချုပ်မှ ပါတီဝင်တဦးက ပြောသည်။
အဖွဲ့ချုပ်ဝင်များသည် အဖွဲ့ချုပ်ရုံးရှေ့၌ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးရန် ကြွေးကြော်သံများ အော်ဟစ် ဆန္ဒပြကြပြီးနောက် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ဘက်သို့ လမ်းလျှောက် ဆန္ဒပြစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။
အန်အယ်လ်ဒီပါတီဝင်တဦးက “နေ့ခင်း (၁) နာရီခွဲလောက်မှာ ကလေးတွေက ဒေါ်အောင်ဆန်း စုကြည် ချက်ချင်းလွှတ်ဆိုတဲ့ ဆိုင်းဘုတ်ရယ်၊ ဗိုလ်ချုပ်ပုံရယ် ကိုင်ပြီး အန်တီစု အိမ်ဘက်ကို လျှောက်သွားကြတယ်။ အဲဒါကို ကမ္ဘာအေးဘုရားလမ်း မြရိပ်ညိုဟိုတယ်နား နှင်းဆီကုန်းနား အရောက်မှာပဲ သူတို့ကို ဒိုင်နာကားနဲ့ ဆွဲတင်သွားတယ်။ အန်တီအိမ်နား မရောက်ခင်မှာဘဲ ဒိုင်နာကားနဲ့ တင်ခံရတယ်” ဟု ပြောသည်။
ဖမ်းဆီးခံရသူတို့မှာ ဒလမှ စောပြည့်ဖြိုးအောင်နှင့် ထက်စိုးလင်း၊ မင်္ဂလာဒုံမှ ထွန်းဝင်းသိန်းနှင့် လှမျိုးနိုင်၊ တွံတေးမြို့မှ ဆရာဦးအောင်ဖေ၊ စမ်းချောင်းမှ ထွန်းထွန်းဝင်းနှင့် ပြည့်ပြည့်၊ တာမွေမှ ကျော်မျိုးနိုင်နှင့် ကြည့်မြင်တိုင်မှ ရန်နိုင်ထွန်း၊ ရွှေပြည်သာမှ ထက်ထက်ဦးဝေနှင့် ၎င်း၏ သမီး (၁၂) နှစ်၊ လှိုင်သာယာမှ မောင်ဆန်း (ခေါ်) ဆန်းနိုင်၊ ကျော်နိုင်၊ မျိုးကျော်ဇင်၊ သက်နိုင်ထွန်း၊ ခရမ်းမှ ၀င်းမြင့်မောင်တို့ဖြစ်ကြောင်း၊ ၎င်းတို့အား မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရသေးသော်လည်း မရမ်းကုန်းဘက်သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။
ယနေ့မွန်းလွဲပိုင်း၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၉၉၀ ပြည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ အနိုင်ရသည့် (၁၈) နှစ်မြောက် အခမ်းအနားတခု ဗဟိုဌာနချုပ်တွင် ကျင်းပပြီး ယမန်နေ့က စစ် အစိုးရ ကြေညာသည့် ဖွဲ့စည်းပုံမူကြမ်း ဆန္ဒခံယူပွဲရလဒ်ကို လက်မခံကြောင်းနှင့် ဒေါ်အောင် ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုကြောင်း ကြေညာသည်။ ။
ပီတာအောင်/ ၂၇ မေ ၂၀၀၈/ခေတ်ပြိုင်

မြန်မာဆိုင်ကလုန်း အကူအညီအတွက်


နာဂစ်မုန်တိုင်း ဒုက္ခသည်များကို ကူညီရန် လှူဒါန်းမည့်နိုင်ငံများမှ ဒေါ်လာ သန်း (၁၀၀) ကျော် အထောက်အပံ့ပေးရန် အသင့်ဖြစ်နေသော်လည်း မြန်မာစစ်အစိုးရက မုန်တိုင်းအထိနာဆုံး ဒေသများသို့ လွတ်လွတ်လပ်လပ် သွားရောက်ခွင့် မပေးခဲ့ပါက အပြည့်အ၀ ကူညီမည်မဟုတ်ဟု အလှူရှင်နိုင်ငံများက ပြောကြားသည်။
ယမန်နေ့၌ ပြုလုပ်သည့် မြန်မာနိုင်ငံ လေမုန်တိုင်းဘေးဒုက္ခ ကယ်ဆယ်ရေး အလှူရှင် (၅၁) နိုင်ငံတို့၏ အစည်းအဝေးအပြီးတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တံခါးပိတ်ဝါဒ ကျင့်သုံးနေသော မြန်မာစစ်အစိုးရအနေဖြင့် မုန်တိုင်းအထိနာသည့် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသသို့ နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်သားများကို အတားအဆီးမရှိ သွားရောက်ခွင့်ပြုရန် အလှည့်အပြောင်းတခု လုပ်ချိန်တန်နေပြီဟု သူ့အနေဖြင့် ယုံကြည်ကြောင်း အေပီသတင်းဌာနသို့ ပြောကြားသည်။ “ဒီအစည်းအဝေးဟာ မြန်မာအစိုးရကို ပိုပြီး ပျော့ပျောင်း၊ ပိုပြီး လက်တွေ့ဆန်စေဖို့၊ တကယ့်အဖြစ် မှန်တွေကို ရင်ဆိုင်နိုင်စေဖို့ အလှည့်အပြောင်းတခု ဖြစ်စေနိုင်မယ်လို့ ကျနော်အကောင်းမြင်မိပါ တယ်” ဟု ဘင်ကီမွန်းက ပြောသည်။မစ္စတာ ဘန်ကီမွန်းသို့ရာတွင် မြန်မာစစ်ခေါင်းဆောင်များနှင့် အလှူရှင်နိုင်ငံကြီးများသည် သတိရှိရှိ ဆက်ဆံ ပြောဆို နေကြဆဲပင် ဖြစ်သည်။မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က အနှောင်အဖွဲ့များ မပါသည့် နိုင်ငံတကာ အကူအညီ များကို ကြိုဆိုကြောင်း၊ သို့သော် တိုက်ရိုက် ၀င်ရောက်ကူညီမှုမျိုးကို တားမြစ်ကြောင်း၊ သာမန် အရပ်သုံး သင်္ဘောများသာ ရန်ကုန်မှတဆင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ၀င်ရောက်လုပ်ဆောင် ခွင့်ပြုမည်ဖြစ်ကြောင်း ပြောသည်။၎င်းက “ကယ်ဆယ်ရေး ထောက်ပံ့ပစ္စည်းတွေကို ကုန်းကြောင်း၊ လေကြောင်း၊ ရေကြောင်းကနေ ပို့ဆောင်လို့ ရပါတယ်။ ဒါပေမယ့် ထောက်ပံ့ပစ္စည်းတွေကို ရေလမ်းက ပို့မယ်ဆိုရင်တော့ အရပ် သင်္ဘောတွေသာ ရန်ကုန်ဆိပ်ကမ်းကို ဖြတ်သန်းခွင့်ရှိပါမယ်” ဟု ပြောသည်။ယင်းသို့ ပြောဆိုလိုက်ခြင်းသည် ကယ်ဆယ်ရေးလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ရန် လူသားချင်း စာနာထောက်ထားသည့် ထောက်ကူပစ္စည်းများ တင်ဆောင်လာသည့် အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ် စစ်ရေယာဉ်များကို ၀င်ခွင့်ပိတ်ဆို့လိုက်သည့်သဘောပင်ဖြစ်သည်။ ထိုစစ်ရေယာဉ်များမှာ လွန်ခဲ့သည့် တပတ်ကျော်ကတည်းက မြန်မာကမ်းရိုးတန်းအနီးသို့ ရောက်ရှိနေခြင်းဖြစ်သည်။ ၀န်ကြီးချုပ်သိန်းစိန်က နိုင်ငံတကာမှ လူသားချင်းစာနာထောက်ထားသည့် ထောက်ပံ့ပစ္စည်းများ စုစုပေါင်း တန်ချိန် (၃,၂၀၀) လက်ခံရရှိထားပြီဖြစ်ကြောင်း၊ ထိုစာရင်းများထဲတွင် အရေးပေါ် လိုအပ်သည့်ပစ္စည်းများ၊ ယာယီနေထိုင်တဲများ၊ ဆန်များ၊ ဓာတ်မြေသြဇာနှင့် ငါးဖမ်းလှေများ ပါဝင်သည်ဟု ပြောသည်။မြန်မာအစိုးရက မုန်တိုင်းကြောင့် စီးပွားရေးအရ ထိခိုက်ပျက်စီးမှုမှာ စုစုပေါင်း ဒေါ်လာ သန်း (၁၁,၀၀၀) ရှိသည်ဟု ခန့်မှန်းထားပြီး ကုလသမဂ္ဂက အရေးပေါ် ဒေါ်လာ (၂၀၁) သန်း ရရှိရန် ဆောင်ရွက်ခဲ့သည်။ယမန်နေ့ အစည်းအဝေးတွင် ဥရောပ အသိုင်းအ၀န်းက ဒေါ်လာ (၇၂.၅) သန်း ကူညီမည်ဟု ကတိပြုထားပြီး နောက်ထပ် (၂၆.၈) သန်း ကူညီရန် ကမ်းလှမ်းထားသည်။ ထို့အပြင် တရုတ် နိုင်ငံက ဒေါ်လာ (၁၁) သန်း၊ သြစတြေးလျနိုင်ငံက ဒေါ်လာ (၂၄) သန်း၊ ဖိလစ်ပိုင်နိုင်ငံက ဒေါ်လာ သန်း (၂၀) နှင့် တောင်ကိုရီးယားနိုင်ငံက ဒေါ်လာ (၂.၅) သန်း စသဖြင့် အသီးသီး ကူညီမည်ဟု ကတိပြုထားကြသည်။ ကယ်ဆယ်ရေးလုပ်ငန်းများသည် အနည်းဆုံး (၆) လခန့် ကြာနိုင်မည်ဟု ဘန်ကီမွန်းက ခန့်မှန်း ထားသည်။
မြန်မာဆိုင်ကလုန်းဒဏ် ခံရသူများ ကယ်တင်ရေး အကူအညီပေးရန် ပင်လယ်ပြင်တွင် ရောက်ရှိ နေသော ပြင်သစ်စစ်သင်္ဘောမှာမူ မြန်မာအစိုးရက ၀င်ခွင့်မပေးသောကြောင့် ရန်ကုန်ရှိ စစ်အစိုးရ ၏ ခေါင်းမာမှုကို တအံ့တသြပြောဆိုရင်း ယနေ့တွင် နောက်ကြောင်းပြန်လှည့်သွားပြီဖြစ်သည်။”ထိုပြင်သစ်စစ်သင်္ဘောသည် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှ လေဘေးဒုက္ခသည်များအတွက် ထောက်ပံ့ပစ္စည်း ရိက္ခာ တန်ချိန် (၁,၀၀၀) တင်ဆောင်လာခဲ့ခြင်းဖြစ်ပြီး ထိုရိက္ခာများကို ဖြန့်ဖြူး ရန်အတွက် ထိုင်းနိုင်ငံရှိ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) သို့ လွှဲပြောင်းပေးအပ်ခဲ့ရသည်ဟု ပြင်သစ်ကာကွယ်ရေးနှင့် နိုင်ငံခြားရေး ၀န်ကြီးဌာနတို့က အစီရင်ခံစာတစောင် ထုတ်ပြန်ပြောဆို ခဲ့ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။ ။

AP/ AFP ၂၆ မေ ၂၀၀၈

ဘိုကလေး၊ ဖျာပုံ လေဘေးဒုက္ခသည်များအား မအူပင်မှ ပြန်ပို့

နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည့် ဘိုကလေးနှင့် ဖျာပုံမြို့နယ်တို့မှ ဒုက္ခသည်များကို နအဖစစ်အစိုးရက မအူပင် လေဘေးကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ပေး ခဲ့ပြီးနောက် ယခုလ (၂၄-၂၅) ရက်တို့တွင် အဆိုပါဒုက္ခသည်များကို နေရပ်သို့ ပြန်ပို့နေကြောင်း သိရသည်။
ဘိုကလေးမြို့နယ်မှ ကိုအောင်ဆန်းဆိုသူက “ကျနော်တို့ကို ကားပေါ်တက်၊ ကားပေါ်တက်ဆိုလို့ တက်လာတာ။ မေးကြည့်တော့ မင်းတို့ကို မင်းတို့နေရာ ပြန်ပို့မလို့ဆိုတာနဲ့ တက်လိုက်လာတာ” ဟု ပြောသည်။
၎င်းက “ကျနော်က ပန်းဘူး စလောင်းကျ၊ ကြိမ်ချောင်းကြီး အုပ်စု ဘိုကလေးကပါ။ ကျနော့်မှာ မိသားစု (၇) ယောက်ရှိတယ်။ ကျနော်တယောက်ပဲ ကျန်တယ်” ဟု ပြောသည်။
မအူပင်၌ ဒုက္ခသည်စခန်းကို အထက (၁) မအူပင်တွင် ဖွင့်လှစ်ထားပြီး ဘိုကလေး၊ ဖျာပုံ၊ လပွတ္တာ တို့မှ ဒုက္ခသည်များအား ထားရှိခြင်းဖြစ်သည်။
မအူပင်ရောက်စတွင် ထမင်း ၀၀လင်လင် ကျွေးသော်လည်း နောက်ပိုင်းတွင် ပုဂ္ဂလိကများ လာလှူ သည့် အစားအသောက် အ၀တ်အထည်များကိုပင် ပြည့်ပြည့်စုံစုံ မရတော့ကြောင်း ဘိုကလေးမှ ဒုက္ခသည်တဦးက ပြောသည်။
၎င်းက “ကျနော်တို့ကို နေရပ်ဒေသပြန်ပို့ပြီး နေရာချပေးဖို့လို့ ပြောတာပဲ။ ထောင်သားတွေကို တင်သလိုပဲ၊ တက်တက် အားလုံးကို ပြန်ပို့ပေးမယ်လို့ပြောတယ်။ ဘိုကလေးရောက်ရင်တော့ ဘယ်နေရာမှာထားမယ်၊ ဘာလုပ်မယ် ဒါတွေကို ဘာမှမပြောသေးဘူး” ဟုဆိုသည်။
ဘိုကလေးမြို့မှ ဒုက္ခသည်များကို ယခုလ (၂၀) ရက်က ကယ်ဆယ်ရေးစခန်းများမှ မိမိနေရပ် ဒေသများသို့ နောက်ဆုံးထား၍ ပြန်ကြရန် နအဖ လက်အောက်ခံကြံ့ဖွံ့များက အသိပေးခဲ့ပြီး နောက်ပိုင်း အချို့ဒုက္ခသည်များက ပြန်ရန်နေရာ မရှိသည့်အတွက် ခေတ္တခိုလှုံနေသော ဘုန်းတော် ကြီးကျောင်းများ၌ ဆက်လက်နေထိုင်ကြကြောင်း သိရသည်။
“အခု (၂၄-၂၅) ရက်တွေမှာ ပို့တဲ့ဒုက္ခသည်ဟာ ကားတစီးကို (၆၅) ဦးနဲ့ ကားအစီးရေ (၂၀) ရှိပြီ။ တနေ့ကို ကား (၁၀) စီးစီပါ” ဟု ဒုက္ခသည်များအား သယ်ယူပို့ဆောင်နေသည့် ကားဒရိုင်ဘာ တဦးက ပြောသည်။
(၂၄) ရက်၌ ဖျာပုံမြို့သို့ ပြန်လည်ရောက်ရှိလာသည့် ဒုက္ခသည် (၆၅) ဦးကိုလည်း သက်ဆိုင်ရာ အာဏာပိုင်များက ဆန် (၅) ပြည်၊ ငွေ (၅) ထောင်နှင့် မိုးကာဖျင်များပေးပြီး ၎င်းတို့၏ နေအိမ်သို့ ပြန်ခိုင်းကြောင်း သိရသည်။
ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာက လေဘေးဒုက္ခသည်များကို ကယ်ဆယ်ရေးလုပ်ရန် အများ ကြီးလိုအပ်နေသေးကြောင်း ပြောကြားနေချိန်တွင် ယခုကဲ့သို့ ဒုက္ခသည်များအား နေရပ်များသို့ အတင်းပြန်လွှတ်နေခြင်းဖြစ်သည်။ ။


NEJ/ ၂၆ မေ ၂၀၀၈

ရေတပ်သားများအားလုံး ကြိုတင်ထောက်ခံမဲ ပေးကြရ

မြန်မာ့ရေတပ်မတော် “ဗျူဟာ စစ်ရေယာဉ်စု (၁)” တွင် မေ ၁၅ ရက် နေ့က တပ်သား၊ တပ်ကြပ်၊ အရာရှိအားလုံးကို ခေါ်ယူ၍ ကိုယ်တိုင်ကိုယ်ကျ မဲပေးစရာမလိုတော့ကြောင်းပြောကာ “MYANMAR NAVY” ဟူသောစာလုံးအနောက်၌ အမှန်အမှတ်အသားပါ ဦးထုပ် ၁ လုံးစီ လက်ဆောင်ပေးလိုက်ကြောင်း ရေတပ် တပ်ကြပ်ကြီး တဦးက ဧရာဝတီသို့ ပြောပြသည်။
“ဆိုလိုတာက အားလုံး မဲပေးပြီးသွားပြီပေါ့ဗျာ။ ကိုယ်တိုင်ကိုယ်ကျ ဘာမှ လုပ်စရာမလိုဘဲ ပေးပြီးသား ဖြစ်သွားတာ။ တပ်သားတွေက စိတ်ဆိုးပြီး အဲဒီဦးထုပ်တွေကို ရေထဲလွှင့်ပစ်ကြတယ်” ဟု ၎င်းက ဆက်ပြောသည်။
ထိုကဲ့သို့ ကြိုတင်မဲပေးခြင်းကို ရေတပ်အားလုံး၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု သူကဆိုသည်။
ထို့ပြင် ရန်ကုန်တိုင်း အတွင်းရှိ စက်ရုံများမှ ဝန်ထမ်းအားလုံးသည်လည်း သန်းခေါင်စာရင်းနှင့် ရပ်ကွက်ထဲတွင် မဲပေးရခြင်း မဟုတ်ဘဲ စက်ရုံများ၌ပင် ကြိုတင်မဲများပေးရခြင်း ဖြစ်ကြောင်း သန်လျင် ရေနံချက် စက်ရုံမှ ဝန်ထမ်းတဦးကပြောသည်။
“ကြိုတင်မဲ ပေးရတယ်သာဆိုတယ်။ နာမည်ပဲလာယူပြီး အားလုံး ပေးပြီးသွားပါပြီတဲ့။ ကိုယ့်ဘာသာ ဘာမှတောင် မလုပ်ရဘူး” ဟု ၎င်းကပြောသည်။
ရန်ကုန်မြို့တွင် ဧည့်စာရင်းဖြင့် နေထိုင်သူများကိုလည်း ယမန်နေ့ညက ရယက လူကြီးများက ထောက်ခံမဲများ အဆင်သင့် ခြစ်ပြီးသားစာရွက်များ လိုက်လံဝေကြောင်း ကျောက်တံတားမြို့နယ်အတွင်း ဧည့်စာရင်းဖြင့် နေထိုင်သော သတင်းထောက် တဦးက ပြောသည်။
“နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်း ၂၀၀၈ ဆိုတဲ့ဘေးမှာ အမှန်ခြစ်ထားပေးတယ်။ အဲဒီကျောဘက်မှာတော့ အမည်၊ အိမ်လိပ်စာ နဲ့ မဲပေးမယ့် အမှတ်စဉ်၊ မှတ်ပုံတင်ပါ ယူဆောင်လာရန် ဆိုတာတွေ ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။ရန်ကုန်တိုင်း သန်လျင်မြို့ ပဲခူးစုရပ်ကွက် အတွင်းနေထိုင်သူတဦးကလည်း “ကျနော်တို့ ရပ်ကွက်မှာ ကြိုတင်မဲတွေလာပေး ကြဖို့ ပြောတယ်။ သွားပေးတော့ နာမည်ပဲယူထားပြီး ပေးပြီးသွားပြီ ရပြီ လို့ပြောတယ်ဗျ” ဟု ပြောပြသည်။
ရန်ကုန်မြို့တွင်း တချို့သော နေရာများတွင် ကြံ့ဖွံ့အဖွဲ့ဝင်များနှင့် ရယကတို့က သာမန်အရပ်သား ၁၈ နှစ်ကျော်အရွယ် များကို ထောက်ခံမဲပေးပါက ခေါက်ဆွဲထုပ်၊ သွားတိုက်ဆေး စသည့်လက်ဆောင်များ ပေးမည်ဟု မက်လုံးပေး မဲယူနေ ကြောင်း ရန်ကုန်မြို့ခံ မျက်မြင်တဦးကပြောသည်။
ယခုလ ၁၀ ရက်နေ့က တပြည်လုံးအတိုင်းအတာဖြင့် အခြေခံဥပဒေ ဆန္ဒခံယူပွဲ ကျင်းပရန် စစ်အစိုးရက စီစဉ်ခဲ့သော်လည်း ၂ ရက်နေ့ကတိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ် ဆိုးရွားစွာခံခဲ့ရသည့် ရန်ကုန်တိုင်း နှင့် ဧရာဝတီတိုင်းတို့မှ မြို့နယ် ၄၇ မြို့နယ်ကို မေလ ၂၄ တွင် ပြန်လည်ကျင်းပရန် ရွှေ့ဆိုင်းလိုက်သည်။
ကျန် တိုင်းနှင့် ပြည်နယ်များ၌ကျင်းပသည့် ဆန္ဒခံယူပွဲတွင် ထောက်ခံမဲ ၉၂. ၄ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း မေလ ၁၆ ရက်နေ့ထုတ် စစ်အစိုးရပိုင် သတင်းစာများတွင် ကော်မရှင်ဥက္ကဌ၊ တရားသူကြီးချုပ် ဦးအောင်တိုးက လက်မှတ်နှင့် တကွ ကြေညာခဲ့သည်။
“မတရားတာတော့ လူတိုင်းသိတယ်။ ဒါပေမယ့် လူတွေက ဆန္ဒခံယူပွဲကို စိတ်မဝင်စားကြဘူးဗျ။ မုန်တိုင်းဒဏ် အနည်းနဲ့ အများဆိုသလို ခံလိုက်ရလို့ စိတ်ဆင်းရဲနေကြတယ်။ ထမင်းတလုပ် ဘယ်လိုစားမယ် ဆိုတာပဲ စိတ်ဝင်စားတယ်” ဟု ဗျူဟာ စစ်ရေယာဉ်စု ၁ မှ တပ်ကြပ်ကြီးကပြောသည်။


အေးချမ်းမြေ့ မေ ၂၃၊ ၂၀၀၈/The Irrawaddy

အဖွဲ့ချုပ်အဖွဲ့ဝင်တချို့ပြန်လွတ်၊ ၃ ဦး ဖမ်းဆီးထားဆဲ

ယမန်နေ့က ဖမ်းဆီးထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (အန်အယ်လ်ဒီ) အဖွဲ့ဝင် ၁၁ ဦးတွင် ၈ ဦး လွတ်မြောက်လာ ပြီး ၃ ဦးကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း အန်အယ်လ်ဒီ ကပြောသည်။
ဆက်လက်ဖမ်းဆီးခံထားရသူများမှာ မချို၊ ကိုထွန်းဇော်ဇော် ၊ ကိုခင်ထွန်း တို့ဖြစ်ကြောင်း သိရသည်။
ကြာသပတေးနေ့က ဖမ်းဆီးခံရသူများမှာ ကိုကျော်ကျော်မိုး(ကြည့်မြင်တိုင်)၊ ကိုအောင်သိမ်း(ကြည့်မြင်တိုင်)၊ မထက်ထက်ဦးဝေ(လှော်ကား)၊ စမ်းချောင်း အန်အယ်လ်ဒီ ဥက္ကဌ ဦးသက်ဝေ၊ ဒေါ်ရှမ်းမ (ရွှေပြည်သာ)၊ မချို (တောင်ဒဂုံ)၊ ကိုလေးလွင် (တောင်ဒဂုံ)၊ မဥမ္မာ (တောင်ဒဂုံ)၊ မဝင်းပပ (မြောက်ဒဂုံ)၊ ကိုထွန်းဇော်ဇော် (သင်္ကန်းကျွန်း အန်အယ်လ်ဒီ လူငယ် ခေါင်းဆောင်)၊ ကိုခင်ထွန်း(ရန်ကုန်တိုင်း အန်အယ်လ်ဒီ လူငယ် တာဝန်ခံ) တို့ဖြစ်ပြီး ၎င်းတို့ကို နေအိမ်များမှ ခေါ်ဆောင်သွားခြင်းဖြစ်သည်။
ယနေ့ ပြန်လွတ်လာသည့် စမ်းချောင်းမြို့နယ်အန်အယ်လ်ဒီ ဥက္ကဌ ဦးသက်ဝေက ယမန်နေ့ နံနက်ပိုင်း တွင် စမ်းချောင်း မြို့နယ်ရဲစခန်းနှင့် ကျောက်တံတားမြို့နယ်တို့မှ မြို့နယ်မှူးနှင့် ဒုရဲအုပ် ဦးသိန်းလှိုင် တို့က ဖမ်းဆီး သွားကြောင်းနှင့် ယနေ့ နံနက်၂ နာရီ တွင် ၎င်းအားပြန်လွတ်ပေးလိုက်ကြောင်းကို ဧရာဝတီသို့ ပြောသည်။
၎င်းကို ဖမ်းဆီးရခြင်းအကြောင်းအရင်းမှာ ယခုနှစ်ဇန်နဝါရီလက ပန်းပဲတန်းမြို့နယ်ရဲစခန်းတွင် တရားစွဲ ခံခဲ့ရသည့် အမှုနှင့်ပတ်သက်ပြီး ခေါ်ယူစစ်ဆေးမေးမြန်းခြင်းဖြစ်ကြောင်း ဦးသက်ဝေ က ဆိုသည်။
“ကျောက်တံတားမြို့နယ် ရဲမှူးက ကျနော့်ကို ဖမ်းဆီးခေါ်ဆောင်ရခြင်းအကြောင်းကို ပြောပြတယ်၊ ပန်ပဲတန်း ရဲစခန်းမှာ တရားစွဲဆိုခံထားရတဲ့အမှုမှာ ကျနော်က ခရိုင်ရဲမှူးနဲ့ တိုင်းရဲမှူး နှစ်ဦးကို သက်သေ ထည့်ထားတဲ့ အတွက် အဲဒီသက်သေခံကို ပန်းပဲတန်းရဲစခန်းကလက်ခံလိုက်ပြီး ရဲမှူး နှစ်ဦး ဆီကို စာရောက်သွားတယ်၊ အဲဒါကြောင့် တိုင်းရဲမင်းကြီးက ဘာကြောင့် သက်သေခံထည့်ရသလဲဆိုတာကို စစ်ဆေး မေးမြန်းချင်လို့ ခေါ်သွားတာဖြစ်ပါတယ်” ဟု ၎င်းက ပြောပြသည်။
အမှုစစ်အရာရှိ ၃ ဦးက အမျိုးမျိုး ဖိအားပေးခြိမ်းခြောက် စစ်ဆေးမေးမြန်းမှုများပြုလုပ်၍ ၎င်း၏ သက်သေခံ ပစ္စည်း Memory stick အား ကျောက်တံတားရဲစခန်းတွင်ပေးခဲ့ပြီး ပြန်လွှတ်လိုက်သည်ဟုလည်း ဆိုသည်။
ယခုနှစ် ဇန်နဝါရီလ အတွင်းက အချက်အလက်များ သိမ်းဆည်းသည့် ကွန်ပျူတာသုံး Memory stick တွင် သက်သေခံဖြစ် သည့် ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO ကို မြန်မာနိုင်ငံတွင် ကလေးစစ်သား အသုံးပြုမှု၊ အဓမ္မ အလုပ်ခိုင်းစေမှု နှင့် ပတ်သက်ပြီး နယ်အသီးသီးက နစ်နာသူများမှ တိုင်ကြားသောစာများကို ဦးသက်ဝေ ထံတွင် လက်ဝယ် တွေ့ရှိမှုဖြင့် ပန်းပဲတန်းရဲစခန်းတွင် တရားစွဲခံရသည့် အမှုနှင့်ပတ်သက်ပြီး နောက်ဆက်တွဲ အကြောင်းအရာကို စစ်ဆေး၍ Memory stick ကို သိမ်းဆည်းလိုက်ခြင်းဖြစ်သည် ဟု ဦးသက်ဝေ က ပြောသည်။
၎င်းစာကို အတုပါဟု ထွက်ဆိုပါက ပြန်လွှတ်ပေးမည်ဟု ရဲကအပေးအယူလုပ်ခဲ့ခြင်းကို လက်မခံဘဲ ငြင်းဆို သောကြောင့် ပုဒ်မတပ် တရားဆွဲခံရခြင်း ဖြစ်သည်ဟု သိရသည်။ အဖမ်းဆီးခံ ကိုခင်ထွန်း၏ မိသားစုဝင် တဦးကမူ သက်ဆိုင်ရာက မည်သို့မျှ အဆက်အသွယ် မပြုလုပ်သေးကြောင့် စိုးရိမ် စိတ်ဖြင့် စောင့်မျှော်ရကြောင်း ပြောဆိုသည်။


အေးလဲ့ မေ ၂၃၊ ၂၀၀၈/The Irrawaddy

မုန်တိုင်းဒဏ်သင့် လူသေအလောင်းများ ကောက်ယူသင်္ဂြီုဟ်နိုင်ခြင်း မရှိသေး

နာဂစ် ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ပြီး၍ သုံးပတ်ခန့် ကြာမြင့်လာသော်လည်း ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် ဒေသ မြစ်ချောင်းများ၊ လယ်ကွင်းပြင်များတွင် ရှိနေသည့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီဖြစ်သော လူသေအလောင်း များကို ကောက်ယူသင်္ဂြီုဟ်ခြင်း မပြုလုပ်နိုင်သေးကြောင်း လေဘေးဒုက္ခသည်များကို ကူညီနေသူများက ပြော သည်။
ယင်းမုန်တိုင်းဒဏ်ခံရသော ဒေသများရှိ ဒုက္ခသည်များကို သွားရောက်အကူအညီပေးနေသည့် ရန်ကုန်အခြေစိုက် နာရေး ကူညီမှုအသင်းမှ ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူကလည်း ၎င်းတို့ သွားရောက်ခဲ့သည့် မြစ်ဝကျွန်းပေါ် ဘိုကလေးမြို့နယ် ကန်စု ကျေးရွာတွင် ကောက်ယူသင်္ဂြီုဟ်ခြင်း မပြုလုပ်ရသေးသော အဆိုပါ လူသေအလောင်း များကို တွေ့ရှိခဲ့ရသည်ဟု ဧရာဝတီသို့ ပြောသည်။
ကိုကျော်သူကို ပြီးခဲ့သည့်နှစ် စက်တင်ဘာလ သံဃာတော်များဦးဆောင်သည့် ရွှေဝါရောင် တော်လှန်ရေးနှင့် ပတ်သက်ပြီး စစ်အစိုးရ က တလ ခန့် ဖမ်းဆီးချုပ်နှောင်ခဲ့ဖူးသည်။
ကိုကျော်သူတို့၏ နာရေးကူညီမှုအသင်းသည် လေဘေးဒုက္ခသည်များ အကူအညီပေးရေးလုပ်ငန်းကို ကျယ်ပြန့် စွာပြုလုပ် နေသော အဖွဲ့တဖွဲ့ဖြစ်ရာ ၎င်းတို့အား ဒေသခံဒုက္ခသည်များက လူသေအလောင်းများအား ရှင်းလင်း ပေးရန် အကူအညီ တောင်းခံကြသည်ဟုလည်း သိရသည်။
“အဲဒီ နေရာတွေမှာ လူသေအလောင်းတွေက အခုအချိန်အထိကိုရှိနေတုန်းပဲ ဆိုတော့ မလွှဲမရှောင်သာကို လုပ်ရ မယ့် အလုပ်တခုပါပဲ၊ ဒါပေမယ့် ကျနော်တို့မှာ ရေထဲကအလောင်းတွေဆယ်ယူဖို့ လူအင်အားနဲ့ ပစ္စည်းကိရိယာ လိုအပ်ချက်တွေ ရှိနေတယ်”ဟု ကိုကျော်သူက ပြောပြသည်။
မုန်တိုင်းဒဏ်ကြောင့် ဘိုကလေးမြို့ရှိ ၎င်းတို့အသင်းမှလှူဒါန်းထားသော မီးသင်္ဂြီုဟ်စက်ပျက်စီးသွားသည့် အတွက်လည်း လူသေအလောင်းများကို မီးသင်္ဂြီုဟ်ရန်အခက်အခဲရှိကြောင်း ကိုကျော်သူက ထည့်သွင်းပြောကြား သည်။
ကိုကျော်သူက ဆက်လက်ပြီး“မြန်မာထုံးတမ်းစဉ်လာအရ သေဆုံးသူအလောင်းတွေကို ကောက်ယူ သင်္ဂြီုဟ်ပေး ဖို့ အစိုးရမှာ တာဝန်ရှိပါတယ်”ဟု လည်း ပြောဆိုသည်။
ဘိုကလေး မြို့ခံတဦးက မူ အစိုးရ အပါအဝင် နိုင်ငံတကာနှင့် ပြည်တွင်း အဖွဲ့အစည်းများမှ မည်သူတဦး တယောက်ကမျှ မြစ်ဝကျွန်းပေါ် ဒေသရှိ မုန်တိုင်းဒဏ်ကြောင့် သေဆုံးသွားသည့် လူသေအလောင်းများကို ကောက်ယူသင်္ဂြီုဟ် ခြင်းမရှိ သေးကြောင်း ပြောသည်။
ဒုက္ခသည်များကို ကူညီကယ်ဆယ်ရေး ပြုလုပ်နေသည့်အဖွဲ့တဖွဲ့မှ ဆရာဝန်တဦးကလည်း“ဒီ လူသေအလောင်း တွေကို မြင်ရတာ စိတ်မချမ်းသာ စရာပါ၊ ကျနော်တို့ဟာ မြန်မာတွေဖြစ်ပါတယ်၊ ဒီလို အခြေအနေကြားထဲမှာ လုပ်နေကြရတာ ဘယ်လိုမှ စိတ်မချမ်းသာနိုင်ပါဘူး”ဟု ပြောပြသည်။
ယင်းဒေသများရှိ စစ်အစိုးရ ကျောထောက်နောက်ခံပြုထားသော ကြံ့ဖွံ့အဖွဲ့ဝင်များကမူ လူသေအလောင်းများကို ရေထဲသို့ မျှောလွှတ်ပစ်သည်ဟု ဒေသခံများက ဆိုသည်။
အဆိုပါ နာဂစ် မုန်တိုင်း ဒဏ်ကြောင့် လူပေါင်း ၂.၅ သန်း ခန့် ၎င်းတို့၏ လုပ်ငန်းများပျက်စီး ဆုံးရှုံး၍ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရ ကြောင်း ကျွမ်းကျင်သူများ၏ အဆိုအရ သိရသည်။ မေလ ၂ ရက်နှင့် ၃ ရက်အတွင်း တိုက်ခတ်ခဲ့သည့် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံရသော ဒေသအားလုံး တွင် ဝန်ထမ်း ၁၅၉ ဦးအပါအဝင် သေဆုံးသူပေါင်း ၇၇၇၃၈ ဦး၊ ဝန်ထမ်း ၈၅ ဦး အပါအဝင် ပျောက်ဆုံး သူ ၅၅၉၁၇ ဦး နှင့် ဝန်ထမ်း ၄ ဦး အပါအဝင် ဒဏ်ရာရသူ စုစုပေါင်း ၁၉၃၅၉ ဦး ဖြစ်ကြောင်း စစ်အစိုးရ သတင်း ဌာနများက ထုတ်ပြန်ထားသည်။


ကိုစိုး မေ ၂၃၊ ၂၀၀၈

အသင့်အမှန်ခြစ်ပြီး မဲပေးရမည့်ကတ်ပြားများ စတင်ဝေနေ

အမှန်အသင့်ခြစ်ထားသည့် မဲကတ်ပြားများကို ရန်ကုန်မြို့ပေါ်ရှိ ရပ်ကွက်တိုင်းတွင် သက်ဆိုင်ရာ ရပ်ကွက်အာဏာပိုင်နှင့် ကြံ့ဖွံ့ရုံးများက ယနေ့ နံနက်မှစပြီး တအိမ်တက်ဆင်း လိုက်ပေးနေသည်။
မနက်ဖြန် မေ (၂၄) တွင် ရန်ကုန်အပါအ၀င်(၄၇) မြို့နယ်၌ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ် တော့မည်ဖြစ်သည့်အတွက် ဆန္ဒမဲပေးရန် ကတ်ပြားများကို လိုက်ပေးနေခြင်းဖြစ်သည်ဟု ကျောက်တံတားမြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။
၎င်းက “ကျနော်တို့ကို အခုလာပြီး အမှန်ခြစ်ပြီးသား မဲလက်မှတ်လာပေးတယ်။ တခါတည်းကို ပုံနှိပ်ပြီးသားပါ” ဟု ပြောသည်။
တာမွေမြို့နယ်တွင်မူ ယနေ့ည နောက်ဆုံးထားပြီး ရက်ကွက်အလိုက် သက်ဆိုင်ရာ ဆယ်အိမ်မှူး များမှတဆင့် အဆိုပါကတ်ပြားများကို ပေးသွားမည်ဟု တာမွေမြို့နယ် တာမွေကြီး က/ဂ မှ ကြံ့ဖွံ့အဖွဲ့ဝင်တဦးက ပြောသည်။
“ရန်ကုန်မှာ မဲပေးမယ့်သူတွေက အခုချိန်မှာ ဘယ်သူမှ စိတ်ဝင်စားမယ်မထင်ဘူး။ လူတွေကိုယ်စီ စိတ်ထဲမှာ လေဘေးသင့်သူတွေအတွက် ကြေကွဲနေရတာ၊ ပြီးတော့သူတို့က (၉၂.၄) ရာခိုင်နှုန်းနဲ့ မဲရလဒ်ကို ကြေညာထားတယ်။ ဒါလောက်လိမ်ထားပြီး မရမက ယူထားတာတောင် လေဘေးသင့် လို့ မေ (၁၀) ရက်မှာ မဲမပေးဘဲ ကျန်ခဲ့ရတဲ့ (၄၇) မြို့နယ်မှာ ဒီပုံစံအတိုင်းထပ်လိမ်ဖို့ လုပ်ပြန်ပြီ” ဟု မဟာဗန္ဓုလပန်းခြံလမ်းရှိ ရှေ့နေများရုံးခန်းတခုမှ တရားရုံးချုပ်ရှေ့နေတဦးက ပြောသည်။
ယခု မဲပေးမည့်သူများအား အိမ်တိုင်ရာရောက် လာပေးသည့် မဲကတ်ပြားများမှာ ရှေ့မျက်နှာစာတွင် အမှန်ခြစ်ထားပြီး နောက်ကြောတွင် မဲရုံဖွင့်မည့်အချိန်၊ မြို့နယ်မဲရုံ လမ်းညွှန်၊ မဲပေးမည့်သူ အမည်၊ နေရပ်လိပ်စာနှင့် မဲပေးရမည့် အမှတ်စဉ်တို့ ပါရှိသည်။
လေမုန်တိုင်းသင့်သည့် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းရှိ မြို့နယ် (၄၇) မြို့နယ်မှလွဲ၍ နအဖ စစ်အစိုးရက အခြေခံဥပဒေမူကြမ်းဆန္ဒခံယူပွဲကို ယခုလ (၁၀) ရက်တွင် ကျင်းပခဲ့ပြီး ဆန္ဒခံယူပွဲ၌ ဆန္ဒမဲပေးသူ (၉၂. ၄) ရာခိုင်နှုန်းက ထောက်ခံမဲပေးခဲ့ကြောင်း ကော်မရှင်က ကြေညာခဲ့သည်။


NEJ/23 MAY,2008

ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းထားမှု သက်တမ်းထပ်တိုးလျှင် တရားမ၀င်ဟု သူမရှေ့နေ ပြောကြား

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတဦးက စနေနေ့ကျော်သွားလျှင် နေအိမ်မှာအကျယ်ချုပ်ချထားဖို့ တရားဥပဒေ အခြေခံမရှိဘူးလို့ ဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ ဥပဒေများအရ လူတဦးတယောက်အား တရားမစွဲ၊ ရုံးမတင်ဘဲ ၅ နှစ်ပဲ ထိန်းသိမ်းထားခွင့်ပြုထားလို့ အမေရိကန်အခြေစိုက် ရှေ့နေ ဂျာရတ်ကင်ဆာက ထောက်ပြလိုက်တာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ချထားမှု နောက်ဆုံးတနှစ် သက်တမ်းတိုးခဲ့တာ စနေနေ့ည သန်းခေါင်အချိန်မှာ သက်တမ်းစေ့မှာ ဖြစ်ပါတယ်။
23 MAY,2008 (VOA)

နိုင်ငံတကာ လေဘေးကယ်ဆယ်ရေး လုပ်သားအားလုံးကို စစ်အစိုးရ လက်ခံမည်

မြန်မာစစ်အစိုးရက နိုင်ငံခြားက အကူအညီပေးရေး လုပ်သားအားလုံးကို မြန်မာနိုင်ငံကို ၀င်ရောက်ခွင့်ပေးပြီး လေဘေးဒဏ် ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ကိုင်ဖို့ သဘောတူလိုက်တဲ့ အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ ဒီနေ့ နေပြည်တော်မှာ ၂ နာရီကျော်ကြာ ဆွေးနွေးခဲ့ပြီးတဲ့နောက် မစ္စတာ ဘန်ကီမွန်းက အခုလို ကြေညာလိုက်တာဖြစ်ပါတယ်။
ဒီလို စစ်အစိုးရဘက်က သဘောတူလိုက်တာဟာ မြန်မာပြည် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံလိုက်ရပြီးတဲ့နောက် ထူးခြားတဲ့ ပြောင်းလဲမှု တစ်ခု ဖြစ်တယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောပါတယ်။
စောစောပိုင်းတုန်းကတော့ မြန်မာစစ်အစိုးရက နိုင်ငံခြားက လေဘေးဒဏ် ကယ်ဆယ်ရေး လုပ်သားတွေ တိုင်းပြည်အတွင်း ၀င်ရောက်ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ အပြည့်အ၀ လုပ်ငန်းဆောင်ရွက်ခွင့် ခွင့်မပြုခဲ့ပါဘူး။
မစ္စတာ ဘန်ကီမွန်းဟာ မနေ့က ဆိုင်ကလုန်းမုန်တိုင်းဒဏ် အကြီးအကျယ်ခံခဲ့ရတဲ့ ဧရာဝတီတိုင်းကို သွားရောက်ပါတယ်။ မုန်တိုင်းဒဏ် အဆိုးရွားဆုံး ခံရတဲ့နေရာတွေကို လေယာဉ်ပေါ်ကနေ ကြည့်ပြီး လေဘေးဒဏ် ကယ်ဆယ်ရေး စခန်းကိုလည်း သွားရောက်ခဲ့ပါတယ်။

MAY23(VOA)

ကယ်ဆယ်ရေးပစ္စည်း ပိတ်ပင်မှု လူသားမဆန်တဲ့ ရာဇ၀တ်မှုဖြစ်

မြန်မာစစ်အစိုးရအနေနဲ့ လေဘေးဒဏ်ကယ်ဆယ်ရေး နိုင်ငံတကာ အကူအညီတွေကို ဆက်လက်ပိတ်ပင်နေမယ်ဆိုရင် ဒါဟာ လူသားမဆန်တဲ့ ရာဇ၀တ်မှုကို ကျုးလွန်တာဖြစ်တယ်၊ နိုင်ငံတကာ ပြစ်မှုဆိုင်ရာတရားရုံးမှာ ဒီအတွက် တာဝန်ယူရမယ်လို့ ဥရောပပါလီမန်က ဆုံးဖြတ်လိုက်ပါတယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။
ပြင်သစ်နိုင်ငံ Strasbourg မှာကျင်းပတဲ့ အီးပီ ဥရောပပါလီမန်ရဲ့ ဒုတိယ၀န်ကြီးတွေ အစည်းအဝေးမှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ မဲခွဲဆုံးဖြတ် ခဲ့ကြပါတယ်။ မြန်မာ စစ်အစိုးရအနေနဲ့ မုန်တိုင်းဒဏ်ခံရတဲ့သူတွေအတွက် ကယ်ဆယ်ရေး အထောက်အပံ့တွေကို ဆက်ပြီး ငြင်းဆန်နေမယ်၊ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေ၊ ကျွမ်းကျင်သူတွေကို လက်မခံဘူးဆိုရင် ဒါဟာ လူသားမဆန်တဲ့ ရာဇ၀တ်မှုကို ကျုးလွန်တာဖြစ်တယ်၊ ဒီလိုပြစ်မှုအတွက် ICC နိုင်ငံတကာ ပြစ်မှုဆိုင်ရာတရားရုံးမှာ အရေးယူသင့်တယ်လို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
ဒီလို စစ်အစိုးရအနေနဲ့ တာဝန်ယူရမယ်ဆိုတာကို ထောက်ခံမဲ ၅၂၄ မဲ၊ ကန့်ကွက်မဲ ၃ မဲ၊ မဲမပေးဘဲ ပျက်ကွက်သူ ၁၃ မဲနဲ့ ဥရောပပါလီမန်က အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
ဒီဆုံးဖြတ်ချက်က မဖြစ်မနေ လိုက်နာရမယ်ဆိုပြီး ဆုံးဖြတ်တာမျိုးတော့ မဟုတ်ပါဘူး။ ဒီတော့ ဟန်ပြသက်သက် အရေးယူတယ်ဆိုတာမျိုးလောက်ပဲ ဆုံးဖြတ်တာမျိုး ဖြစ်မနေဘူးလားလို့ ဥရောပပါလီမန်က သတင်းထုတ်ပြန်ရေးအရာရှိကို ဗွီအိုအေက မေးကြည့်ပါတယ်။
“ဒီဆုံးဖြတ်ချက်က မဖြစ်မနေ လိုက်နာရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ရှင်းလင်းသိသာတဲ့အချက်က ဒါဟာ ဥရောပအဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံရဲ့ သဘောထားကို ထုတ်ဖော်ပြသလိုက်တာပါ။ မဲပေးတဲ့ကိုယ်စားလှယ်တွေဟာ ဥရောပနိုင်ငံတွေက တိုက်ရိုက်ရွေးချယ်ခန့်ထားတဲ့ ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။ အခုဆုံးဖြတ်ချက်ကို အီးယူနိုင်ငံတွေက အဖွဲ့ဝင်ဝန်ကြီးတွေ၊ ဥရောပကော်မရှင်နဲ့ ကုလသမဂ္ဂကို ပေးပို့မှာဖြစ်ပါတယ်။”
မြန်မာနိုင်ငံမှာ မုန်တိုင်းဒဏ်ခံရတဲ့နေရာတွေ ဖွဲ့စည်းပုံအတည်ပြုရေး လူထုဆန္ဒခံယူပွဲကျင်းပဖို့ စစ်အစိုးရက ပြင်ဆင်နေချိန်မှာ ဥရောပပါလီမန်က အခုလို ဆုံးဖြတ်ချက်ချလိုက်တာ ဖြစ်ပါတယ်။
မြန်မာစစ်အစိုးရက မုန်တိုင်းဘေးကြောင့် ဒုက္ခရောက်နေသူတွေအတွက် နိုင်ငံတကာ အကူအညီတွေကို ပိတ်ပင်နေတာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးယူနိုင်အောင် တွန်းအားပေးဖို့လည်း ဥရောပ အဖွဲ့ဝင်နိုင်ငံတွေကို ဥရောပပါလီမန်က တိုက်တွန်းထားပါတယ်။
“ဥရောပပါလီမန်က ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်က အဓိကကတော့ မြန်မာစစ်အစိုးရအနေနဲ့ ဆိုင်ကလုံးမုန်တိုင်းဒဏ်ခံရတဲ့ နေရာတွေမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လမ်းဖွင့်ပေးဖို့၊ ပိတ်ပင်ဟန့်တားတွေမလုပ်ဖို့ တောင်းဆိုတဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ ဒီလို ဘေးဒုက္ခအန္တရာယ် ကျရောက်နေတဲ့အချိန်မှာ မြန်မာစစ်အစိုးရက အကူအညီတွေပိတ်ပင်ပြီး လူထုဆန္ဒခံယူပွဲကိုပဲ ဆက်ပြီးကျင်းပဖို့ အတင်းအကျပ် စီစဉ်နေတာကို ကျနော်တို့ အထူးပဲ စိတ်မကောင်းဖြစ်မိပါတယ်။”
မြန်မာစစ်အစိုးရရဲ့ လုပ်ရပ်တွေကြောင့် သဘာဝဘေးအန္တရာယ်ကြောင့် ကြုံခဲ့ရတဲ့ ဘေးဒုက္ခကနေ လူကြောင့်ဖြစ်တဲ့၊ လူတွေဖန်တီးတဲ့ ဘေးအန္တရာယ်ဆိုးကြီးအဖြစ် ပြောင်းလဲသွားပြီလို့ပြောရင် ပြောလို့ရနိုင်မယ့်အကြောင်းကိုလည်း ဥရောပပါလီမန်ရဲ့ ဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။

လေဘေးကယ်ဆယ်ရေး လုပ်ကိုင်နေသူ အန်န်အယ်လ်ဒီလူငယ်တချို့ အဖမ်းခံရ

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာနိုင်ငံကိုသွားရောက်တဲ့ အချိန်မှာပဲ အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူငယ်အဖွဲ့ဝင် အနည်းဆုံး ၁၁ ယောက်ကို မြန်မာစစ်အစိုးရ အာဏာပိုင်တွေက ဒီနေ့ ဖမ်းဆီးလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အကျယ်ချုပ် သက်တမ်းကို နောက်ထပ်တနှစ် စစ်အစိုးရက သက်တမ်းတိုးလိုက်တယ်လို့လည်း သတင်းထွက်နေပါတယ်။ အသေးစိတ်ကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
ဒီနေ့မနက် ၂ နာရီနောက်ပိုင်းမှာ အန်န်အယ်လ်ဒီအဖွဲ့ဝင်လူငယ် အနည်းဆုံး ၁၁ ယောက် အဖမ်းခံခဲ့ရတယ်လို့ အန်န်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။ အဖမ်းခံရတဲ့ အကြောင်းရင်းကို အတိအကျ မသိရသေးပါဘူး။ အဖမ်း ခံခဲ့ရတဲ့သူတွေထဲက တချို့ဟာ လေဘေးဒဏ်ခံရတဲ့သူတွေကို ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့သူတွေ ဖြစ်ပါတယ်။ အဖမ်းခံရတဲ့သူ ၁၁ ယောက်ထဲက ကိုထွန်းဇော်ဇော်နဲ့ ကိုခင်ထွန်းတို့ဟာ အန်န်အယ်လ်ဒီ ဗဟိုလူငယ်တွေဖြစ်ပါတယ်။သူတို့အဖမ်းခံခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဦးဉာဏ်ဝင်းက အခုလို ပြောဆိုပါတယ်။
“ကိုခင်ထွန်းက အဲဒီတာဝန်အပြင် လက်ရှိအားဖြင့် လူငယ်ပြန်လည်ဖွဲ့စည်းရေး အောက်ဗမာပြည် တာဝန်ခံ၊ ဒီဟာကိုလည်း သူဆောင်ရွက်ပါတယ်။ စုစုပေါင်း ကျနော် အတည်ပြုလို့ရတာ ၁၁ ယောက်ရှိပါတယ်။ ကျနော်တို့လည်း မသိသေးဘူး။ မိသားစုနဲ့လည်း သူတို့ အဆက်အသွယ် ပြန်မရသေးပါဘူး။”
ကျန်တဲ့သူတွေကတော့ ကျော်ကျော်မိုး၊ ကိုအောင်သီ၊ ကိုပေါက်စ၊ ဒေါ်ရှမ်းမ၊ ထက်ထက်ဦးဝေ၊ မချို၊ ကိုအေးလွင်၊ မဥမ္မာ၊ မ၀င်းပပတို့ ဖြစ်ပါတယ်။ အခုအချိန်အထိ ဖမ်းဆီးခံခဲ့ရသူတွေနဲ့ ဆက်သွယ်ခွင့်မရသေးဘူးလို့လည်း အန်န်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။
ဒီအတောအတွင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် အကျယ်ချုပ်သက်တမ်းကို နောက်ထပ်တနှစ် သက်တမ်းတိုးလိုက်တယ်ဆိုတဲ့သတင်း ထွက်လာပါတယ်။ ဒါနဲ့ပတ်သက်လို့ အန်န်အယ်လ်ဒီဘက်ကတော့ အတည်ပြုချက် မပေးသေးပါဘူး။ တကယ်လို့ သက်တမ်းတိုးတယ်ဆိုရင် ဥပဒေနဲ့မညီတဲ့ လုပ်ရပ်တခုဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုပါတယ်။
“အန်န်အယ်လ်ဒီရဲ့ သဘောထားက ဒီလိုအချိန်မျိုး၊ အခုလို အမျိုးသားရေးတာဝန်တွေ အကြီးအကျယ် အားလုံး ညီညီညွတ်ညွတ် ဆောင်ရွက်ရမယ့် အချိန်မျိုးမှာ ဥပဒေနဲ့လည်း မညီဘဲနဲ့ အဓိပ္ပာယ်မရှိ ပုဂ္ဂိုလ်တဦးချင်းအပေါ်မှာ ဘာပြစ်မှုမှလည်းမရှိဘဲနဲ့၊ စုံစမ်းစစ်ဆေးခြင်း၊ တရားရုံးတင်ခြင်းလည်း မရှိဘဲနဲ့ ဒီလို ဆက်လက်ပြီး တိုးချဲ့တယ်ဆိုရင်တော့ ဥပဒေအရ လွဲမှားတယ်။ လုံးဝ မျှတမှုမရှိတဲ့အပြင် ဥပဒေလည်း မှားတယ်လို့ ပြောချင်ပါတယ်။”အန်န်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။