နှင်ထုတ်ခံရသော ဒုက္ခသည်များ မြို့ပေါ်သို့ ပြန်တက်လာ

နာဂစ် ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ပြီး တလ ပြည့်မြောက်သည့် အချိန်တွင် လပွတ္တာမြို့ပေါ်ရှိ ဒုက္ခသည် စခန်းများမှ ပြန်ပို့ခံရသော ဒုက္ခသည်များ အစားအစာနှင့် သောက်သုံးရေ အခက်ခဲများကြောင့် ဒုက္ခသည်စခန်းတချို့သို့ ပြန်လည် လာရောက် ခိုလှုံမှုများရှိနေကြောင်း ဒေသခံများနှင့် ကူညီကယ်ဆယ်ရေး လုပ်နေသူများက ပြောသည်။
ကျေးရွာများသို့ ပြန့်ပို့ခံရသည့် ဒုက္ခသည် ၁၀၀၀ ကျော် ၂၀၀၀ ခန့်သည် လပွတ္တာမြို့ပေါ်ရှိ ဒုက္ခသည်စခန်း တခု ဖြစ်သော စတုဘုမ္မိက လေးထပ်ကျောင်းသို့ တနင်္ဂနွေနေ့က ပြန်လည်ရောက်ရှိလာကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) မုန်တိုင်းဒဏ် ကယ်ဆယ်ရေး ကော်မတီ ဥက္ကဌ ဦးအုန်းကြိုင်က ပြောသည်။
“ဒုက္ခသည်တွေပြန်ဝင်လာတယ်၊ သူတို့ဟာ သူတို့ နယ်မှာ မနေနိုင်လို့ သူ့အစီအစဉ်နဲ့သူ ပြန်ရောက်လာတာ တဖွဲဖွဲပဲ၊ အာဏာပိုင်တွေကလည်း အထဲထဲကနေ ပြန်နှင်တယ်၊ ဒုက္ခသည် စခန်းထဲမှာ အသံချဲ့စက်တွေနဲ့ အော်တယ်၊ ဒီမှာ လက်ခံ ထားလို့ မဖြစ်ပါဘူး၊ မိမိနေရပ်ကို ပြန်ပါဆိုပြီးတော့ အော်တယ်၊ ဒုက္ခသည်တွေကလည်း ကျောင်းထဲကို တိုးဝင်လာတယ်၊ ပြန်ရောက်လာတဲ့လူ တနင်္ဂနွေနေ့က ညနေ ၄ နာရီ လောက်အထိ ၁၅၀၀-၂၀၀၀ လောက်ရှိမယ်”ဟု ဦးအုန်းကြိုင်က ပြောပြသည်။
ယင်း လေထပ်ကျောင်းတွင် ယခင်က လေဘေးဒုက္ခသည် ၇၀၀၀ ခန့်ရှိပြီး အာဏာပိုင်များက အတင်းအကျပ် ပြန်ပို့သော ကြောင့် ဒုက္ခသည်များ ပြန်သွားခဲ့ရခြင်း ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။
လပွတ္တာ ဒေသခံ တဦးကလည်း “ဟုတ်တယ်၊ ဒုက္ခသည်တွေ မြို့ကို ပြန်လာကြတာတွေ့တယ်၊ ပြန်လွှတ်လို့ ပြန်ထွက်သွား ရတဲ့ သူတွေလည်းပဲ ရှိတယ်”ဟု ပြောဆိုသည်။
ကျေးရွာများသို့ ပြန်ပို့ခံရသော ဒုက္ခသည်တချို့သည် စိုက်ပျိုးထွန်ယက်၍ လုပ်ကိုင်စားသောက် လိုသော်လည်း မျိုးစပါးနှင့် ပစ္စည်းကိရိယာ မပြည့်စုံမှု စသည့် အခက်အခဲများ ရှိနေသည်ဟုလည်း ဦးအုန်းကြိုင်က ပြောသည်။
“တချို့က စားစရာ နေစရာမရှိပေမယ့် သူတို့လုပ်စားမှ ရမယ်ဆိုတာသိတယ်၊ ထွန်ချင်စိုက်ချင်တယ်၊ ပစ္စည်း ကိရိယာ ကျွဲ နွား မရှိဘူး၊ မျိုးစပါးမရှိဘူး၊ ပြီးတော့ သူတို့ကို စားစရာက ၁၀ လစာလောက် ပေးထားမှ ရမယ်၊ ဒီစပါးပေါ်တဲ့အထိ၊ အဲဒါက သူတို့ မိသားစု တစုလုံးအတွက်ကို ပေးထားမှဖြစ်မယ်”ဟု ၎င်းက ဆိုသည်။မုန်တိုင်းဒဏ်သင့် ဒေသများမှ ဒေသခံများနှင့် လေဘေးဒုက္ခသည်များသည် စားရေရိက္ခာနှင့် အမိုးအကာ စသည့် လိုအပ် သော ထောက်ပံ့ကူညီမှုများကို အစိုးရနှင့်ပုဂ္ဂလိက အပါအဝင် မည်သည့် အဖွဲ့အစည်းထံကမျှ လုံလောက်စွာ မရရှိကြ ကြောင်း ဧရာဝတီတိုင်း လပွတ္တာမြို့နယ်သို့ သွားရောက်ခဲ့ပြီး ယမန်နေ့က ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာသော စီပွားရေး လုပ်ငန်းရှင် တဦးကလည်း ပြောသည်။
“မြင်ရတာတွေက တကယ် စိတ်မကောင်းစရာပါပဲ၊ စားစရာမရှိ၊ သောက်စရာ သောက်ရေသန့်လည်း မရှိ၊ အမိုးအကာ နေစရာလည်းမရှိနဲ့ မုန်တိုင်းတိုက်ပြီးစတုန်းက အခြေအနေအတိုင်းပါပဲ၊ ဘာမှ မပြောင်းဘူး”ဟု ၎င်းက ပြောသည်။
ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ရှိ ဒုက္ခသည်များ အကူအညီပေးရေး ၃ ရက်ခန့်သွားရောက်ပြီး တင်္ဂနွေနေ့က ရန်ကုန် မြို့သို့ ပြန်လည်ရောက်ရှိလာသော ဦးအုန်းကြိုင်က ပြင်စလူကျွန်းနှင့် လပွတ္တာ အပါအဝင် မြစ်ဝကျွန်းပေါ်တွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း ပြောဆိုသည်။
“လပွတ္တာမှာက တော်တော် အပျက်အစီးများတယ်၊ ပြင်စလူတို့ ဘာတို့မှာ ဘာမှ ကယ်ဆယ်ရေး မလုပ်ရသေးဘူး၊ ရွာ တော်တော်များများမှာ ကယ်ဆယ်ရေးက ထိထိမိမိ ဘာမှ မလုပ်ရသေးဘူး၊ စားဝတ်နေရေး အခက်အခဲ တော်တော်များများ ဖြစ်နေကြတယ်၊ မြို့ပေါ် စခန်းတွေမှာလည်း မထားဘူး ပြန်နှင်တယ်၊ ဒါပေမယ့် လူတွေက စားစရာလည်း မရှိ၊ သောက်ရေ သန့်လည်း ပြည့်ပြည့်စုံစုံမရတော့ မနေနိုင်ဘဲ မြို့ပေါ်ပြန်တက် လာတာ”ဟု ၎င်းက ပြောပြသည်။
ဦးအုန်းကြိုင်က ၎င်းတို့သွားရာလမ်းခရီးတွင် မရှင်းလင်းရသေးသော လူသေ အလောင်းများစွာကိုလည်း တွေ့ရှိရ ကြောင်း ပြောပြသည်။
“ကျနော်တို့ သောကြာနေ့ည က သွားတယ်၊ စနေနေ့ အပြင်းထန်ဆုံးထိတဲ့ ပြင်စလူကို ရောက်တယ်၊ လမ်းမှာလည်း အလောင်း ၄၀-၅၀-၆၀ လောက်တွေ့တယ်၊ ရှင်းလင်းတာတွေလည်း မရှိဘူး၊ မောင်ငယ်ကျေးရွာအုပ်စု၊ ညောင်ပင်ကုန်း ကျေးရွာ အုပ်စု တို့က ရွာပေါင်း ၅၀ ကျော်လောက် ကျနော်တို့ ရောက်ခဲ့တယ်”ဟု ၎င်းက ဆိုသည်။
ယခင်က လပွတ္တာမြို့ပေါ်တွင် ဘုန်းကြီးကျောင်းများအပါအဝင် ဒုက္ခသည် စခန်းပေါင်း ၄၀ ကျော် ၅၀ နီးပါး ရှိပြီး ဒုက္ခသည် ၄၀၀၀၀ ခန့် ရှိကြောင်းနှင့် ယခုအခါ မြို့အစွန် ၃ မိုင်၊ ၅ မိုင်ခန့်တွင်ရှိသော ဂေါက်ကွင်း စခန်း၊ လပွတ္တာ နှင့် မြောင်းမြကြားရှိ ကျောက်ဖြူစခန်း၊ လပွတ္တာမြို့ အဝင် ဘောလုံးကွင်း စခန်း စသည့် ဒုက္ခသည် စခန်း ၃ ခုသာလျင် ကျန်ရှိကြောင်း သိရသည်။
ဒုက္ခသည်များသည် သောက်သုံးရေ၊ စားရေရိက္ခာ၊ နေရာထိုင်ခင်း အခက်အခဲများအပြင် ၀မ်းရောဂါ၊ ငှက်ဖျား ရောဂါ၊ ကူးစက်ရောဂါများနှင့် စိတ်ကျရောဂါ ဖြစ်ပွားမှုများလည်းရှိနေကြောင်း ရန်ကုန်အခြေစိုက် သတင်း အသိုင်းအဝန်းမှ သိရသည်။
ယင်းလေဘေး ဒဏ်ကြောင့် အသက်ဆုံးရှုံးသူများအတွက် တလ ပြည့် အထိမ်းအမှတ်ရည်စူး၍ ဒေသခံ ရပ်မိ ရပ်ဘများနှင့် လူမှုရေးကူညီဆောင်ရွက်သူများက ဇွန်လ ၂ ရက်နေ့တွင် လပွတ္တာမြို့၌ အလှူဒါနပြုကြကြောင်း သိရသည်။
လပွတ္တာမြို့နယ်၌ မေလ ၂ ရက်နှင့် ၃ ရက်တွင် တိုက်ခတ်သော နာဂစ်မုန်တိုင်းကြောင့် သေဆုံးသူပေါင်း ၁ သိန်း ၉ သောင်း ကျော်ရှိသည်ဟု ဒေသခံများကို ကိုးကား၍ ဦးအုန်းကြိုင်က ပြောသည်။အဆိုပါ မုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်းများအား ထိန်းသိမ်းဆောင်ရွက်ပြီးဖြစ်၍ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို စတင်လုပ်ဆောင်နေပြီဟု စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က ပြောဆိုကြောင်း မေလ ၁၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင်ဖော်ပြထားသည်။
ကိုစိုး ဇွန် ၄၊ ၂၀၀၈/ှThe Irrawaddy

No comments: