အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း ၂၂ နှစ်ပြည့် အခမ်းအနားကို ဒုဥက္ကဌ ဦးတင်ဦး နေအိမ်တွင့် ကျင်းပခဲ့


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စက်တင်ဘာ ၂၇၊ ၁၉၈၈ တွင် စတင်တည်ထောင်မွေးဖွားခဲ့ရာ ယနေ့တွင် ၂၂ နှစ် တိတိ ပြည့်ခဲ့ပြီ ဖြစ်သည်။ အဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း ၂၂ နှစ်ပြည့် အခမ်းအနားကို ဒုဥက္ကဌ ဦးတင်ဦး နေအိမ်တွင် တက်ရောက်သူ အင်အား ၃၀၀ ကျော် ဖြင့် ကျင်းပခဲ့သည်။











အခမ်းအနားတွင် နိုင်ငံတော်ကို အလေးပြုခြင်း၊ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံအာဇာနည်များကို အလေးပြုခြင်း၊ ဒီမိုကရေစီရေး တိုက်ပွဲတွင် ကျဆုံးသူ ရဟန်းရှင်လူ ကျောင်းသားပြည်သူများအား တမိနစ်တိတိ ငြိမ်သက်စွာ အလေးပြုခြင်းများ ပြုခဲ့ကြသည်။


၎င်းနောက် အင်န်အယ်ဒီပါတီခေါင်းဆောင် ၂ ဦး ဖြစ်သော ဦးတင်ဦးနှင့် ဦးဝင်းတင်တို့က ဂုဏ်ပြုအမှတ်တရ စကားများ ပြောကြားသည်။



နိုင်ငံရေးအကျဉ်းသားဟောင်းများဖြစ်သော ကဗျာဆရာ ဖျာပုံနီလုံဦးနှင့် မုံရွာအောင်ရှင်တို့က ဦးဝင်းတင်ရေးသားသော ကဗျာနှင့်အတူ အခြား အဖွဲ့ချုပ်မွေးနေ့ ဂုဏ်ပြုကဗျာများကို ဖတ်ကြသည်။



ဦးတင်ဦး၏ မိန့်ခွန်းကောက်နုတ်ချက်တခုမှာ -

ခုလက်ရှိမှာ မတရားမှုတွေ ဖြစ်နေတယ်။ မတရားတာကို လုံးဝလက်မခံဘူး

ဦးဝင်းတင်၏ မိန့်ခွန်းကော်နုတ်ချက် မှာ -

မတရားသဖြင့် နှိပ်စက် ညှင်းပန်းမှုတွေကို ကုန်းမခံဘူး။ ရုန်းကန်မယ် …”
ဟူ၍ ဖြစ်ကြသည်။






၁၉၈၈ စက်တင်ဘာလ တွင် ထူထောင်သော အင်န်အယ်ဒီပါတီသည် စစ်အစိုးရကျင်းပပေးသော ၁၉၉၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်ပေါင်း ၄၀၀ နီးပါးဖြင့် အများဆုံး အနိုင်ရရှိခဲ့သည်။ ၎င်းနောက်တွင် စစ်အစိုးရက အာဏာကို လွှဲပေးခြင်း မပြုဘဲ၊ ပါတီခေါင်းဆောင်များ၊ ပါတီဝင်များ အမြောက်အများ ဖမ်းဆီး ထောင်ချခြင်း ခံရသည်။ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ဖြင့် နှစ်ပေါင်း ၁၄ နှစ် ကျော် ထိန်းသိမ်းခြင်း ခံထားရသည်။ အနှစ် ၂၀ ကျော်မှာ ဒုတိယအကြမ် ကျင်းပပေးဦးမည် ဟု စစ်အစိုးရ စီစဉ်သော ၂၀၁၀ ရွေးကောက်ပွဲ ကို အင်န်အယ်ဒီပါတီက သပိတ်မှောက် ထားသည်။ ယခု စက်တင်ဘာလတွင် စစ်အစိုးရက အင်န်အယ်ဒီပါတီ ပျက်ပြယ်ကြောင်း ကြေညာလိုက်သည်။

နွေဦးအိုးဝေBlog မှကူးယူတင်ပြပါသည်

No comments: