ဒေါ်စုနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးဆန္ဒပြသူ အဖမ်းခံရ

ရန်ကုန်မြို့ရှိ မြို့တော်ခန်းမအရှေ့၌ ယမန်နေ့ နေ့လယ်ပိုင်းက အမျိုးသမီးတဦး တကိုယ်တော်ဆန္ဒပြရာ အာဏာပိုင်တို့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးတို့ကို မြို့တော်ခန်းမရှေ့၌ ၁၀ မိနစ်ခန့် ကြွေးကြော်ဆန္ဒပြရင်း အဖမ်းခံရသည်ဟု အေပီ သတင်းတရပ် တွင် ဖော်ပြထားသည်။
မြို့တော်ခန်းမအနီးတွင် အလုပ်လုပ်ကိုင်သူတဦးက “မြို့တော်ခန်းမအရှေ့မှာ နေ့လယ် ၂ နာရီကျော်လောက်မှာ အမျိုးသမီး တယောက်တည်း ဆန္ဒပြသွားတာ၊ ဘယ်သူဆိုတာတော့ မသိဘူး” ဟု ဧရာဝတီကို ပြောသည်။
“မြို့တော်ခန်းမအရှေ့၊ ၃၂ လမ်းဘက်ပေါ့ … အဲဒီမှာ အမျိုးသမီးတယောက်ဆန္ဒပြတယ်၊ ကျနော်တို့ဆီက စုံစမ်းတဲ့အဖွဲ့တွေ ရောက်သွားတဲ့အချိန်မှာ ဖမ်းသွားပြီ။ ဆန္ဒပြလို့ ရဲတွေကဖမ်းသွားတယ်၊ ကား ၁၀ စီး လောက်က လမ်းပြောင်းပြန်မောင်း သွားတယ်၊ အဲဒါပဲ သိလိုက်ရတယ်။ ဘယ်အဖွဲ့အစည်းက၊ ဘာတွေကြွေးကြော်တယ် ဆိုတာတွေ မသိသေးဘူး” ဟု အန်အယ်လ်ဒီပါတီ၏ ပြန်ကြားရေးအဖွဲ့ဝင် ဒေါက်တာဝင်းနိုင်က ပြောသည်။
စစ်အစိုးရသည် လွန်ခဲ့သည့် ဧပြီလဆန်းပိုင်းက ၂၀၀၇ ခု သြဂုတ်လ၊ လောင်စာဆီနှင့် ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြပွဲ ကာလများအတွင်း ဆူးလေဘုရားအနီးရှိ အမေရိကန်သံရုံးရှေ့တွင် တကိုယ်တော်ဆန္ဒပြခဲ့သူ ဦးအုန်းသန်းအား အစိုးရကို အကြည်ညိုပျက်စေသည့်အမှု ပုဒ်မ ၁၂၄ (က) အရ ဒဏ်ငွေတထောင်နှင့် တသက်တကျွန်းကို ယခုနှစ်ဆန်းပိုင်းက ချမှတ်ခဲ့သည်။
နိုင်ငံရေးအကျဉ်းသားဟောင်းများလည်းဖြစ်ကြပြီး ထပ်မံအဖမ်းခံထားရသည့် ဦးအုန်းသန်းနှင့် ကိုမျိုးရန်နောင်သိန်းတို့၏ ကျန်းမာရေးအခြေအနေများ ဆိုးရွားနေခြင်းနှင့်ပတ်သက်၍ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ကျန်းမာရေးကြည့်ရှူ စောင့်ရှောက်မှုများ ပြုလုပ်ပေးရန် လွန်ခဲ့သည့်အပတ်က စစ်အစိုးရကို တောင်းဆိုလိုက်သည်။
အာဏာပိုင်တို့က ဦးအုန်းသန်းကို ထောင်ဒဏ် တသက်တကျွန်း ချမှတ်ပြီးနောက် ရာသီဥတုဆိုးရွားသည့် စစ်ကိုင်းတိုင်းရှိ ခန္တီးထောင်သို့ ပြောင်းရွှေ့ခဲ့ရာ နဂိုအခံရှိသည့် ငှက်ဖျားရောဂါကို ပြင်းထန်းစွာခံစားနေရပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်း သိရသည်။
အာရုံကြောအားနည်းသည့်ဝေဒနာ ခံစားနေရသော ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင် ကိုမျိုးရန်နောင်သိန်းကို အင်းစိန် ထောင်အာဏာပိုင်တို့က တိုက်ပိတ်ထားရာမှ ထောင်ဆေးရုံသို့ ပြောင်းရွှေ့ပေးခဲ့သော်လည်း ဝေဒနာကို အာရုံကြော အထူးကုဖြင့် ကုသပေးခြင်းမရှိပေ။မြန်မာနိုင်ငံရှိ အကျဉ်းထောင်များအတွင်းသို့ ကမ္ဘာ့ကြက်ခြေနီအဖွဲ့က ၀င်ရောက်ကြည့်ရှုစစ်ဆေးခွင့်ကို စစ်အစိုးရက ပိတ်ပင်ခဲ့သည်မှာ ၂ နှစ်ရှိပြီ ဖြစ်သည်။
ကိုသက် ဇွန် ၂၆၊ ၂၀၀၈/ဧရာဝတီ

No comments: