Showing posts with label သတင်းဆောင်းပါး. Show all posts
Showing posts with label သတင်းဆောင်းပါး. Show all posts

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ဟောပြောပွဲကျင်းပပြုလုပ်







၂၀၀၈ခုနှစ်၊ ဒီဇင်ဘာလ(၁၆)ရက်နေ့တွင် ဗဟန်းမြို့နယ်၊ အုတ်လမ်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဌာနချုပ်
ရုံးတွင် ဟောပြောပွဲတရပ်ကျင်းပပြုလုပ်ခဲ့ကြောင်းသတင်းရရှိသည်။ အဆိုပါဟောပြောပွဲကို အဖွဲ့ချုပ်လူငယ်များ တောင်းဆိုတိုက်တွန်းချက်အရ လက်ရှိအဖွဲ့ချုပ်ခေါင်းဆောင် ဦးဝင်းတင့်မှ ဟောပြောခဲ့ခြင်းဖြစ်သည်။ လူငယ်နှင့် အနာဂတ်ဆိုသော ဟောပြောပွဲခေါင်းစဉ်ကို လူငယ်များမှပင်ရွေးချယ်ခဲ့ကြခြင်းဖြစ်ပြီး ဟောပြောပွဲအပြီး လူငယ်များမှ မေးခွန်းများပြန်မေးခဲ့ကြကြောင်းသိရှိရသည်။ ယနေ့ဟောပြောပွဲသို့ ရန်ကုန်တိုင်း၊ မြို့နယ်ပေါင်းမှ စိတ်ဝင်စားသူ လူငယ် (၃၀၀) ၀န်ကျင်ခန့်တက်ရောက်ခဲ့ကြပြီး၊ အဖွဲ့ချုပ်ခေါင်းဆောင်များလည်းတက်ရောက်ကြ
သည်ကို တွေ့ရှိရသည်။

ဇာဂနာနဲ့ ဇော်သက်ထွေးကို မြစ်ကြီးနားနဲ့ တောင်ကြီး ထောင်ပို့




မြန်မာစစ်အစိုးရက ဖမ်းဆီးထောင်ချထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုနဲ့ဝေးရာ ထောင်တွေကို ပြောင်းရွှေ့ နေရာမှာ အခုနောက်ဆုံး နိုင်ငံကျော် လူရွှင်တော်စွယ်စုံ အနုပညာရှင် ဇာဂနာ ခေါ် ကိုသူရ ကိုလည်း မြန်မာပြည် မြောက်ဖျားက ကချင်ပြည်နယ် မြစ်ကြီးနားထောင် ကို ပို့လိုက်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ဖမ်းမထားဖို့ နိုင်ငံတကာက တိုက်တွန်းတောင်းဆိုသံတွေကြားကပဲ အခုလို တက်ကြွလှုပ်ရှားသူတွေကို ဆက်တိုက်ဆိုသလို ရွှေ့ပြောင်းတာတွေ ဆက်လုပ်နေတာလည်း ဖြစ်ပါတယ်။ အခုနောက်ဆုံး ကြားရတဲ့ အပြောင်းအရွှေ့သတင်းတွေနဲ့ ပတ်သက်လို့ မိသားစုတွေက ဘာတွေပြောကြသလဲဆိုတာ ဆက်သွယ်မေးမြန်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြပေးပါတယ်။
မကြာသေးခင်ကပဲ နှစ်ရှည် ထောင်ဒဏ်တွေ ချခံထားရတဲ့ နိုင်ငံကျော် လူရွှင်တော် စွယ်စုံအနုပညာရှင် ဇာဂနာ ခေါ် ကိုသူရ၊ အားကစားဂျာနယ် အယ်ဒီတာ ကိုဇော်သက်ထွေး၊ သူတို့နဲ့အတူ ပြစ်ဒဏ်စီရင်ခံထားရတဲ့ ကိုတင်မောင်အေး၊ ကိုသန့်ဇင်အောင်တို့ အသီးသီးကို ဝေးလံခေါင်ဖျားတဲ့ နယ်ထောင်တွေကို ပို့ဆောင်လိုက်တာပါ။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ သံဃာတော်တွေရဲ့ လှုပ်ရှားမှုတွေ၊ မေလထဲတုန်းက နာဂစ်ဆိုင်ကလုန်း လေဘေးဒဏ် အကူအညီပေးရေး လုပ်ငန်းတွေနဲ့ ဆက်စပ်ပြီး နိုင်ငံတော် အကြည်ညို ပျက်စေမှု၊ မတရားသင်း ဥပဒေပုဒ်မ၊ စတာတွေ အပါအ၀င် စွပ်စွဲချက်အများအပြားနဲ့ ထောင်ဒဏ် ၅၉ နှစ်အထိ ကျခံနေရတဲ့ ဇာဂနာ ကို ကချင်ပြည်နယ် မြစ်ကြီးနားထောင်၊ ထောင်ဒဏ် ၁၉ နှစ် ချခံထားရတဲ့ ကိုဇော်သက်ထွေး ကို ရှမ်းပြည်နယ် တောင်ကြီးထောင်၊ ကိုသန့်ဇင်အောင်ကို ကရင်ပြည်နယ် ဖားအံထောင် နဲ့ ကိုတင်မောင်အေးကိုတော့ မန္တလေးတိုင်း မြင်းခြံထောင်တို့ကို ပို့ဆောင်လိုက်တာပါ။ ဒီကနေ့ ရန်ကုန်အင်းစိန် အကျဉ်းထောင်ကို သွားရောက်တဲ့အခါမှသာ မိသားစုက ဒီလိုပြောင်းရွှေ့လိုက်ပြီဆိုတာကို သိရတာလို့ ဇာဂနာ ရဲ့ ခယ်မ ဖြစ်သူ မငြိမ်း က ပြောပါတယ်။ “ဒီနေ့ ကျမတို့ ပါဆယ်ပို့ဖို့ အတွက် သွားတော့ ပြောင်းသွားပြီလို့ ကြားတယ်။ ဒါကြောင့် အထဲကို မေးပေးပါလို့ ပြောတော့မှ သေချာလို့လားဆိုပြီး မေးပေးတော့ မြစ်ကြီးနားတဲ့။ ကိုသူရအတွက်လည်း စိတ်မကောင်းဘူးပေါ့။ ရာသီဥတုလည်း အရမ်းအေးတဲ့အချိန် ကျမကလည်း ကိုသူရအတွက် အနွေးထည် အထူဆိုလို့ ဘာမှ မထည့်ထားဘူးပေါ့။ အဲဒီဘက်က အရမ်းအေးတဲ့အချိန်ဖြစ်လို့ အဲဒါကို ကျမ စိုးရိမ်တယ်။ ဆေးစာရွက်ထုတ်ပေးထားတာရှိတယ်။ ဒီတပတ်မှ ဆေး သွားပို့ရမှာ သွေးတိုးဆေးတွေမပါသွားဘူး။ ကဲ ဘယ်လို လုပ်ကြမတုန်း သူတို့ ဘာလုပ်ပေးနိုင်မှာတုန်း။” အခုနောက်ဆုံး အပြောင်းအရွှေ့သတင်းတွေကို အင်းစိန်ထောင်မှာ စုံစမ်းသိရလို့ ခင်ပွန်းသည်ဖြစ်သူအတွက် ရတတ်မအေး ဖြစ်နေရသလို၊ မိသားစုနဲ့ဝေးရာ နယ်ထောင်တွေကို ရောက်သွားလို့ အခက်ကြုံရမယ့်အရေး စိတ်မအေး ဖြစ်နေရသူ ကတော့ အားကစားဂျာနယ် အယ်ဒီတာ ကိုဇော်သက်ထွေး ရဲ့ ဇနီးသည် မခိုင်ချို ဖြစ်ပါတယ်။“၃ရက်နေ့က တောင်ကြီးထောင်ကို ပို့လိုက်တယ်ဆိုတာ တွေ့ရတယ်။ ကျမကတော့ မျှော်လင့်ထားပါတယ်။ ဒါပေမယ့်လည်း အင်းစိန်မှာတုန်းကတော့ တမြို့တည်း ဆိုတဲ့ အသိနဲ့ ခံသာတာပေါ့။ အခု တောင်ကြီးဆိုတော့ ကျမသမီးကိုတော့ ၁၄ရက် တခါတော့ မခေါ်နိုင်ဘူးထင်တယ်။ သူက လည်းပင်နာရှိတဲ့အတွက် အေးတဲ့ရာသီဥတုမှာ နေရတဲ့အတွက် ကျမတော့ စိုးရိမ်တယ်။ သူသောက်နေကျ ဆေးတွေကိုတော့ နဂိုကတည်းက ဆေးစာထုတ်ပြီး သွင်းပေးထားတယ်လေ။ သူကတော့ ဘယ်ရောက်ရောက် သူ့အတွက် စိတ်မပူပါနဲ့လို့ ပြောပေမယ့်လည်း ကျမကတော့ စိတ်ပူတာပေါ့။”ဒီလိုပဲ နယ်ထောင်တွေကို ပို့ခဲ့လို့ ထောင်တွင်းက နိုင်ငံရေး အကျဉ်းသားတွေသာမက ကျန်မိသားစုဝင်တွေပါ အခက်အခဲ တွေနဲ့ ကြုံရမယ့် အခြေအနေမျိုးတွေ ရှိနေလို့လည်း မိသားစုဝင်တွေအနေနဲ့ မခံမရပ်နိုင်လည်း ဖြစ်နေကြတာပါ။ အခု လည်းပဲ မြန်မာနိုင်ငံမြောက်ဖျား ကချင်ပြည်နယ် မြစ်ကြီးနားထောင်ကို လူရွှင်တော် ဇာဂနာ ကို ပြောင်းရွှေ့ လိုက်တဲ့ အတွက်လည်း ဒါဟာ ကျန်တဲ့ မိသားစုကိုပါ ဒုက္ခပေးဖို့ရည်ရွယ်တာပဲလို့ မိသားစုဝင်တွေက မြင်ကြတာပါ။“သူတို့က မိသားစုတွေပါ ဒုက္ခရောက်ပေါ့လေ။ ငွေတွေလည်း ကုန်ကြစေပေါ့။ အခု ကျမတို့ သွားမယ်ဆိုရင် လေယာဉ် လက်မှတ်က ၁၂၀၀၀၀၊ ကျမတို့ ၂ယောက်သွားရင် အသွားအပြန် စာရိတ်က ၅၀၀၀၀၀၀ လောက် ဖြစ်နေပြီ။ တလမှာ တခါပဲ သွားနိုင်မှာပါ။ ဘယ်လိုပဲ ပြောပြော ၂ပတ်တခါတော့ အားမယူနိုင်ပါဘူး။ ဒီလို အနေအထား နဲ့ ကျမတို့ ဘယ်လို လုပ်ရမလဲ။ အပင်ပန်းခံပြီး ကားလမ်းကြောင်းနဲ့ပဲ တက်ကြမှာပေါ့။ ဒီဒုက္ခတွေကို ကျမတို့ ခံစားစေကြစေဖို့ သူတို့ လုပ်တာလေ။ ကျမတို့ကတော့ ကြံ့ကြံ့ခံရမှာပေါ့။ ကိုသူရတို့တောင် ဒုက္ခတွေနဲ့ အထဲမှာ နေကြရတာပဲ။ ကျမတို့ အပြင်က လူတွေလည်း ဒုက္ခတွေနဲ့ ပါပဲ။ ကျမတော့ ယုံကြည်ထားပါတယ်။ ကိုသူရ က လူတွေအတွက် အလုပ်လုပ်ရင်း အခုလို ဖြစ်သွားရတဲ့အတွက် မြစ်ကြီးနားမြို့ခံတွေကလည်း ကူညီကြမှာပါလို့ ကျမတို့ ယုံကြည်ပါတယ်။”
နိုင်ငံကျော် လူရွှင်တော် စွယ်စုံအနုပညာရှင် ဇာဂနာ ခေါ် ကိုသူရ ရဲ့ ခယ်မဖြစ်သူ မငြိမ်းဖြစ်ပါတယ်။ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ နိုင်ငံတကာအသိုင်းအ၀န်းကပါ ၀ိုင်းဝန်းတောင်းဆိုနေတဲ့ကြားကပဲ အခုလို နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်တွေချမှတ်နေသလို၊ ဝေးလံခေါင်ဖျားတဲ့ အကျဉ်းထောင်တွေကို ပြောင်းရွှေ့တာတွေကလည်း ဆက်ဖြစ်နေတာပါ။ မနေ့တုန်းကဆိုရင်လည်း နိုင်ငံပေါင်း ၅၀ ကျော်က ကမ္ဘာ့ ခေါင်းဆောင် ဟောင်း ၁၁၂ ယောက်က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ကို လွှတ်ပေးရေးအတွက် စစ်အစိုးရကို ဖိအားပေးဖို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချူပ် ဘန်ကီမွန်း ကိုယ်တိုင် မြန်မာနိုင်ငံကို သွားရောက်ဖို့အထိ တိုက်တွန်းခဲ့တာပါ။ ဒီလို တောင်းဆိုမှုတွေ ထွက်ပေါ်လာတဲ့ မနေ့က တချိန်တည်း မှာလည်းပဲ Hip-Hop အဆိုတော် ဇေယျာသော် အပါအ၀င် တက်ကြွလှုပ်ရှားသူ လူငယ်အဖွဲ့တခုဖြစ်တဲ့ (Generation Wave) မျိုးဆက်သစ် လူငယ်များ အစည်းအရုံး အဖွဲ့ဝင် လူငယ် ၄ ယောက်ကို နယ်ထောင်တွေကို ပြောင်းရွှေ့ခဲ့ပါတယ်။ အခုအခါ ဒီအထဲက ကျန်နေတဲ့ နောက် ၂ ယောက်ဖြစ်တဲ့ ဝေလွင်မျိုး ကို ရှမ်းပြည်နယ် မိုင်းဆတ်ထောင်၊ ရန်နိုင်သူ က ရခိုင်ပြည်နယ် ကျောက်ဖြူထောင်တွေဆီကို အသီးသီး ပြောင်းရွှေ့ပစ်လိုက်ပြီလို့လည်း နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေက ပြောပါတယ်ခင်ဗျာ။
သတင်း/VOA

စာပေဟောပြောပွဲ(နယူးယောက်မြို့)

အဋ္ဌမအကြိမ် စာပေဟောပြောပွဲကို နယူးယောက်မြို့၊ အမှတ်(၇၇၇) ယူအမ်ပါလာဇာ၊၂ ထပ်၌ နေလည်
(၁၂း၄၅)မှညနေ(၅)နာရီအထိကျင်းပပြုခဲ့ပါသည်။ထိုစာပေဟောပြောပွဲကိုနယူးယောက်မြို့မှစာပေဟောပြော
ပွဲကျင်းပရေး တာဝန်ခံ ဦးကျော်ဝင်း၊ကိုဇော်ဝင်း တို့နှင့် အတူ စာပေချစ်မြတ်နိုးကြသော လူငယ်များမှစုပေါင်း
ပြုလုပ်ခဲ့ကြပြီး တက်ရောက်နားဆင်ခဲ့ကြသောဧည့်ပရိသတ်များကို မြန်မာ့အစားအစာများဖြင့် ကျွေးမွေး
ဧည့်ခံခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင်ဆရာဦးဝင်းဖေက(၀င်းဖေ လွယ်အိတ်)၊ ဆရာမောင်စွမ်းရည်က(ကဗျာ)နှင့် တေးသံရှင်
ဒေါ်မာမာအေးက(အသံကို ဘယ်လိုအလှဆင်မလဲ) စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဟောပြောခဲ့ပါသည်။
ထိုစာပေဟောပြောပွဲသို့ မယ်ရီလန်းပြည်နယ်၊ နယူးယောက်အထက်ပိုင်း နှင့် နယူးယောက်မှ စာပေ၀ါသနာရှင်
ပေါင်း(၅၀)ခန့် တက်ရောက်အားပေးနားဆင်ခဲ့ကြပါသည်။



အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ရွှေ့ဆိုင်း

ထိုင်းနိုင်ငံရေးမတည်မငြိမ်ဖြစ်နေတဲ့အခြေအနေတွေကြောင့်နောက်ဆယ်ရက်ကြာရင်ချင်းမိုင်မြို့မှာကျင်းပဖို့ရှိတဲ့
အရှေ့တောင်အာရှနိုင်ငံများအသင်း ခေါင်းဆောင်များရဲ့ ထိပ်သီးညီလာခံကိုလည်း ရက်ရွှေ့ဆိုင်းလိုက်တယ်လို့ အိမ်ရှင်ထိုင်းနိုင်ငံကပြောကြားခဲ့ပါတယ်။ဒီအကြောင်းနဲ့ပတ်သက်လို့ဗွီအိုအေသတင်းထောက်ကိတ်ပေါင်ဒေါ်ဆင်
(Kate Pound Dawso)ဘန်ကောက်မြို့ကနေသတင်းပေးပို့ထားတာကိုဒေါ်လှလှသန်းကတင်ပြပေးထားပါတယ်

နှစ်ပတ်လည် အာဆီယံ ထိပ်သီးညီလာခံကို နောက်နှစ် မတ်လမှာကျင်းပဖို့ ရက်ရွှေ့ဆိုင်းလိုက်တာပါ။ ကနဦးကတော့ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ပဏာမစည်းဝေးပွဲတွေကို စတင်ပြီး အစိုးရခေါင်းဆောင်တွေကတော့ ၁၅ ရက်နေ့မှာ ဆွေးနွေးပွဲစတင်ဖို့ရှိပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံရေး နောက်ဆုံးအခြေအနေဖြစ်တဲ့ ၀န်ကြီးချုပ် ဆွန်ချိုင်းဝေါင်ဆာဝတ် (Somchai Wongsawat) နဲ့ သူ့ရဲ့ ပီပီပီ ပြည်သူ့အင်အားပါတီအနေနဲ့ရွေးကောက်ပွဲဥပဒေတွေကို ချိုးဖောက်ခဲ့တယ်လို့ နိုင်ငံတော်တရားရုံးချုပ်က ဒီနေ့ပဲဆုံးဖြတ်လိုက်တဲ့အတွက်လည်း ၀န်ကြီးချုပ်က ရာထူးကနေ နုတ်ထွက်ပေးဖို့ရှိပြီးဝန်ကြီးချုပ်သစ်ကို လွှတ်တော်အမတ်တွေက မရွေးချယ်နိုင်သေးတဲ့ ကာလအတွင်းမှာတော့ ယာယီအစိုးရက တာဝန်ယူအုပ်ချုပ်သွားဖို့ ရှိပါတယ်။
သီတင်နန် ဖွန်ဆို ဟိရပ်ကတော့ ဘန်ကောက် ချူလာလောင်ကွန်းတက္ကသိုလ်မှာ နိုင်ငံတကာဆက်ဆံရေးဌာနရဲ့ ပါမောက္ခတဦး ဖြစ်ပါတယ်။ သူကတော့ အခုလို အာဆီယံထိပ်သီးညီလာခံ ကျင်းပမယ့်ရက် ရွှေ့ဆိုင်းလိုက်တဲ့အတွက် ပထမဆုံးထွက်ပေါ်လာမယ့်အာဆီယံ ပဋိညာဉ်စာတမ်းကြီး အတည်ပြုရေးမှာ အာဆီယံရဲ့ ကြိုးပမ်းမှုတွေကိုနှောင့်နှေးစေနိုင်တယ်လို့ ပြောပါတယ်။ ပဋိညာဉ်စာတမ်းကြီးအနေနဲ့ အဖွဲ့ဝင် ၁၀ နိုင်ငံပိုမိုရင်းနှီး ပေါင်းစည်းမှုကို ပြသဖို့ အာဆီယံက ရည်ရွယ်တာလည်း ဖြစ်ပါတယ်။ပါမောက္ခ သစ်တီနန်က …
"ပဋိညာဉ်စာတမ်းကြီးဟာ အာဆီယံအတွက် စည်းလုံးညီညွတ်မှုကို ပြစေပြီးတော့ကမ္ဘာ့ဇာတ်ခုံမှာ တိုးတက်မှုကိုပြနိုင်မယ့် အရိပ်လက္ခဏာပါ။ ဒါပေမယ့် ထိပ်သီးညီလာခံကို အခုလို ရက်ရွှေ့ဆိုင်းလိုက်တယ်ဆိုတော့ ပဋိညာဉ်စာတမ်းကြီး ရုပ်လုံးပေါ်လာဖို့လည်း နှောင့်နှေးသွားဖို့ ရှိပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံဟာ နောက်ထပ် ၁၈ လအထိအာဆီယံဥက္ကဋ္ဌအဖြစ် ယူထားမယ့်ကာလအတွင်းမှာလည်း ထိပ်သီးညီလာခံကို အိမ်ရှင်အဖြစ် တာဝန်ယူကျင်းပပေးနိုင်ဖို့ အခြေအနေ ပေးပါ့မလား ဆိုတာကိုလည်း တခြားအိမ်နီးချင်းနိုင်ငံတွေ မေးခွန်းထုတ်လာကြဖို့ ရှိပါတယ်။"
ဒါ့အပြင် ဘန်ကောက်ရဲ့ သုဝဏ္ဏဘူမိ နိုင်ငံတကာလေဆိပ်ကြီးနဲ့ ဒွန်မောင်း ပြည်တွင်းလေဆိပ်တို့ကို အစိုးရဆန့်ကျင်တဲ့ ပီအေဒီပါတီဝင် ဆန္ဒပြသူတွေက ၀င်သိမ်းထားကြတဲ့အတွက်လည်း ထိုင်းနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေအကြား ဆက်ဆံရေး တင်းမာလာတာတွေ့ရပါတယ်။ သုဝဏ္ဏဘူမိလေဆိပ်ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး နိုင်ငံတကာလေဆိပ်တွေအနက် တခုဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံအတွက် လေယာဉ်ခရီးတထောက်နားရာ အရေးကြီးတဲ့၊ အချက်အချာကျတဲ့ လေဆိပ်လည်း ဖြစ်ပါတယ်။ အခုလို လေဆိပ်ကြီးပိတ်ထားတာ တပတ်ရှိပြီဖြစ်တဲ့အတွက်လည်း ဒေသန္တရ အိမ်နီးချင်းနိုင်ငံတွေအကြား ထိုင်းနိုင်ငံရေးသိက္ခာ ကျစေတယ်လို့ သစ်တီနန်က သုံးသပ်ပါတယ်။
"ဒေသန္တရအတွင်းမှာ ထိုင်းနိုင်ငံက လမ်းပန်းဆက်သွယ်ရေး အချက်အချာ ဖြစ်ခဲ့လေတော့ လက်ရှိအခြေအနေကြောင့် အိမ်နီးချင်းနိုင်ငံတွေအတွက်တော့ ကုန်သွယ်ရေးရော၊ ရင်းနှီးမြှုပ်နှံမှုတွေမှာပါ အနှောင့်အယှက်တွေ ဖြစ်စေမှာပါ။"
လေဆိပ်ကြီးနှစ်ခုကို ပိတ်ဆို့ထားလို့လည်း ကမ္ဘာလှည့်ခရီးသွားတွေ သောင်းနဲ့ချီပြီးသောင်တင်နေကြရပါတယ်။ တချို့ကတော့ မလွှဲမရှောင်သာ လေယာဉ်ခရီးစဉ်တွေကိုပြောင်းရသလို ဖျက်ပစ်ရတာတွေလည်း ရှိပါတယ်။ သစ်တီနန်ကတော့ အခုလိုအခြေအနေကြောင့် ဥရောပနိုင်ငံတချို့က နိုင်ငံသားတွေ ဘန်ကောက်လေဆိပ်မှာသောင်တင်နေကြလို့ သက်ဆိုင်ရာ အစိုးရတွေအတွက် စိတ်သောကဖြစ်စေတယ်လို့ပြောပါတယ်။ဆန္ဒြုပသူတွေကတော့ လေယာဉ်ကွင်းတွေ ပိတ်ဆို့ထားတာတွေကို ဒီနေ့ အဆုံးသတ်ပေးမယ်လို့ ပြောခဲ့တာတွေ ရှိပေမယ့်လည်း နိုင်ငံတကာ လေယာဉ်ကွင်းကြီးအနေနဲ့ပုံမှန်ပြန်ပြီး လည်ပတ်နိုင်ဖို့ကတော့ ရက်အတော်ကြာဦးမယ်လို့ လေဆိပ်အာဏာပိုင်တွေက ပြောကြပါတယ်။
Voa(သတင်း)

အန်အယ်ဒီ နှုတ်ထွက်လူငယ်များ ဦးဝင်းတင်နှင့်တွေ့ဆုံဆွေးနွေး

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ နှုတ်ထွက်လူငယ် (၂၀) ၀န်းကျင်သည် အဖွဲ ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင် ဥိးဝင်းတင်အား နိုဝင်ဘာ ၅ ရက်နေ့က ၄င်း၏နေအိမ်သို့ သွားရောက်တွေ့ဆုံပြီး ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြသည်။
အန်အယ်ဒီလူငယ် ၁၀၀ ကျော် အဖွဲ့ချုပ်မှ နှုတ်ထွက်ကြောင်း သတင်းထွက်ပြီး မကြာခင် နှုတ်ထွက်လူငယ်များက ဦးဝင်းတင်ထံ သွားရောက်တွေ့ဆုံကြခြင်း ဖြစ်သည်။ ယင်းသို့ တွေဆုံရခြင်းမှာ မကြာခင်က အဖွဲ့ ချုပ်လူငယ်များအတွင်း နေရာဌာန အပြောင်းအရွှေ့ များအပေါ် မကျေနပ်သည့်လူငယ်များက ၄င်းတို့၏ရှေ့ ဆက်လုပ်မည့် လုပ်ငန်းစဉ်များကို အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်ထံ သွားရောက်တင်ပြခဲ့ခြင်းဖြစ်သည်ဟု လူငယ်တဦးက ပြောသည်။
ဦးဝင်းတင်က လူငယ်များအား -
‘ ကျန်တော့်အနေနဲ့ ဥက္ကဌ ဥိးအောင်ရွှေနဲ့ စကားပြောဖြစ်ခဲ့တယ်။ဥက္ကဌကိုပြောခဲ့တာက ဒီလူငယ်တွေကို ထုတ်ပစ်တာကိုလက်မခံနိုင်သလို နှုတ်ထွက်လွှာတွေကိုလည်း အတည်မပြုဖို့ပြောခဲ့တယ်။ အခုလိုအချိန်မျိုးမှာ ထုတ်ပစ်တယ်ဆိုတာ မကောင်းဘူး။ အဲဒီအတွက် အတူတွဲလုပ်စရာရှိတဲ့ကိစ္စတွေကို လူငယ်အချင်းချင်း ညှိနှိုင်းပြီး အင်အားတွေကို ဘယ်လိုသုံးမလဲဆိုတာ စဉ်းစားကြရမှာဖြစ်တယ် ။ဆိုလိုတာက လူငယ်အချင်းချင်း အပြိုင်အဖြစ်လုပ်မနေကြပဲ ဘယ်လောက်ထိ တွဲလုပ်နိုင်မလဲဆိုတာကိုသာ စဉ်းစားကြရမှာ ဖြစ်ပါတယ်။အဖွဲ ချုပ်ကိုလည်း ပြောခဲ့ ပါတယ် အခုအပြင်ကိုရောက်နေတဲ့ အင်အားစုတွေကို ပြန်တွဲနိုင်သလောက် ပြန်တွဲခေါ်ပါ၊လူငယ်အကြံပေးအဖွဲ့ ကိုလည်းပြောခဲ့တယ် ဒါကတော့ ဒိအတိုင်း ထိုင်မနေပဲ လက်ရှိ ဖြစ်နေတဲ လူငယ်ကိစ္စတွေမှာ တတ်နိုင်သမျှ ဖြေရှင်းနိုင်ဖို့ အကြံပြုခဲ့ပါတယ်” ဟု လူငယ်များအား ပြန်လည်ပြောကြားခဲ့သည်။
သို့သော် ဦးဝင်းတင်၏ တင်ပြချက်များကို အဖွဲ့ချုပ်မှ စဉ်းစားမည့်လက္ခဏာမရှိကြောင်း နှုတ်ထွက်လူငယ်များက ပြောသည်။ ယင်းနောက် လူငယ်များက ၄င်းတို့ သိရှိလိုသည့် ကိစ္စရပ်များနှင့်  ဖြစ်စေချင်သည့်ကိစ္စများကို ပြန်လည်ပြောကြားရာ ယခင် အောက်မြန်မာပြည် လူငယ်တာဝန်ခံကိုခင်ထွန်းက
“ကျနော်တို့ အနေနဲ့  ကတော့ လူငယ်အဖွဲ့ ကိုပြန်ဖွဲ့ မယ်ဆိုရင် အသက်(၃၅)နှစ်အောက်လူငယ်များဖြင့်သာ ပြန်လည်ဖွဲ စည်းသင့်ကြောင်း ၊အခုပြန်ဖွဲ့ လိုက်တဲ့လူငယ်များဟာ လည်းအသက် (၄၀)ပတ်ဝန်းကျင် လူငယ်များဖြစ်နေပြီး တကယ်တန်းလူငယ်ကိုပြန်လည်ဖွဲ့ စည်းသင့်တာက အသက်(၃၅)နှစ်အောက် လူ ငယ်များဖြင့်သာ ပြန်လည်ဖွဲ စည်းသင့်တယ်” ဟု ဦးဝင်းတင်အား ပြန်လည်ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်ပြိး လူငယ်များအနေနှင့် ပါတီသက်တမ်းအနှစ်(၂၀)လုံးလုံး ပါတီစည်းကမ်းအတိုင်းနေခဲ့ ကြောင်း သို့သော်လည်း ယခုအချိန်မှာ လက်မခံနိုင်တော့ကြောင်း လူငယ်များ၏ အကြိမ်ကြိမ် အပြုသဘောဆောင်သည့် တင်ပြချက်များကို ဦးအောင်ရွှေက အကြိမ် ကြိမ်ပါယ်ချခဲ့ခြင်းကြောင့် ယခုလိုဆုံးဖြတ်ခဲ့ ရတာဖြစ်ကြောင်း စသဖြင့် ဦးဝင်းတင်အား တင်ပြခဲ့ကြသည်ဟု သိရသည်။နှုတ်ထွက်လူငယ်များသည် ကလေးစစ်သားကိစ္စ၊ အဓမ္မလုပ်အားပေးခိုင်းသည့်ကိစ္စများနှင့် ပတ်သက်ပြီး ကုလသမဂ္ဂသို့ စာပေးပို့ရန် စီစဉ်နေသည်ဟုပါ စုံစမ်းသိရသည်။
မြင့်မိုးဇော်/ ၆ နိုဝင်ဘာ ၂၀၀၈/ခေတ်ပြိုင်


ပထမဆုံး အာဖရိကနွယ် အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား


အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဘရက်ခ် အိုးဘားမား အနိုင်ရသွားပြီး၊ သူဟာ အမေရိကန်သမိုင်းမှာ ပထမဆုံး အာဖရိကအနွယ် အမေရိကန်သမ္မတ တဦးဖြစ်လာပါတယ်။ ကမ္ဘာအနှံအပြားခေါင်းဆောင်တွေ လူပုဂ္ဂိုလ်တွေဟာ သူအနိုင်ရတာကို ထောက်ခံ ကြိုဆိုခဲ့ကြပါတယ်။
အမေရိကန် ဒီမိုကရက်တစ်ပါတီ အထက်လွှတ်တော်အမတ် မစ္စတာအိုဘားမား အနိုင်ရကြောင်း ကြေညာလိုက်ချိန်မှာပဲ အိုဘားမား ဖခင်ဖက်က ဘိုးဘွားဘီဘင်တွေ နေခဲ့တဲ့ ကင်ညာနိုင်ငံ ကိုဂီလိုမြို့က ကျေးရွာသားတွေဟာ တဦးကို တဦး ပွေ့ဖက်ပြီး ပျော်ရွင်ခဲ့ကြပါတယ်။ ကင်ညာသမ္မတ မွိုင်ကဘားကီးကလည်း မစ္စတာအိုဘားမား အနိုင်ရတာကို ဂုဏ်ပြုတဲ့အနေနဲ့ အခု ကြာသာပတေးနေ့ကို နိုင်ငံတော်အားလပ်ရက်ကြေညာလိုက်ပါတယ်။

အာဖရိကတောင်ပိုင်းဖွံဖြိုးရေးအဖွဲ့အစည်းကြီးရဲ့ ဥက္ကဌ တောင်အာဖရိကသမ္မတ ဂလီးမား မော်တလန်တေးကလည်း မစ္စတာ အိုဘားမားရဲ့ အောင်မြင်မှုအတွက် အာဖရိကဒေသအနေနဲ့ ဂုဏ်ယူမိကြောင်း ပြောလိုက်ပြီး၊ နောက်ပိုင်း အမေရိကန် အာဖရိက ချစ်ကြည်ရေး ဆက်ဆံမှု ကောင်းမွန်တိုးတက်လာဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။
ဥရောပကော်မရှင်အကြီးအကဲ ဂျိုဆေး မန်နြူရယ် ဘာရိုဆိုကလည်း မစ္စတာအိုဘားမား အနိုင်ရတဲ့အပေါ် ၀မ်းမြောက်စကားဆိုပြီး၊ ကမ္ဘာသစ်အတွက် အခြေအနေသစ်တခု မျှော်လင့်တယ်လို့ ဖော်ပြပါတယ်။ အီရတ်နိုင်ငံခြားရေးဝန်ကြီး ဟောရှာ ဇီဘာရီကလည်း မစ္စတာအိုဘားမားအနိုင်ရတာကြောင့် အီရတ်ကနေ အမေရိကန်တပ်တွေ ရုတ်တရက် ဆုတ်ခွာသွားမယ် - အမေရိကန်မူဝါဒ ရုတ်ချည်း အပြောင်းအလဲဖြစ်မယ်လို့ မမျှော်လင့်တဲ့အကြောင်း ပြောသွားပါတယ်။ မစ္စတာအိုဘားမားဟာ မဲဆွယ်စည်းရုံးမှုတွေအတွင်း သူ သမ္မတဖြစ်တာနဲ့ ၁၆လအတွင်းမှာ အီရတ်က အမေရိကန်တပ်တွေကို ရုတ်သိမ်းလိုတယ်လို့ ပြောထားတာပါ။
ပြင်သစ်သမ္မတ နီကလပ် ဆာကိုဇီကလည်း မစ္စတာအိုဘားမားကို ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။ အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်းကလည်း အမေရိကန်မှာ အခုလို လူမဲ သမ္မတဖြစ်လာတာကြောင့် နိုင်ငံရေးမှာ လူမျိုးရေးနဲ့ အသားအရောင်ခွဲခြားမှုတွေဟာ ပပျောက်သွားပြီလို့ မျှော်လင့်တဲ့အကြောင်း ပြောပါတယ်။ ၀ါရှင်တန်မှာရှိတဲ့ ပါကစ္စတန်သံရုံးကတော့ ပါကစ္စတန်သမ္မတ အာဆစ် အာလီ ဇာဒါရီအနေနဲ့ အမေရိကန်ခေါင်းဆောင်သစ်အောက်မှာ အမေရိကန်-ပါကစ္စတန်ဆက်ဆံရေး ပိုတိုးတက်လာမယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောထားပါတယ်။
Nov5,2008/VOA

အမေရိကန် သမ္မတသစ်အပေါ် မြန်မာတို့အမြင်

မနေ့ကစတင်ကျင်းပတဲ့ ၂၀၀၈ ခုနှစ် အမေရိကန်နိုင်ငံရွေးကောက်ပွဲကြီး အောင်မြင်စွာပြီးဆုံးသွားခဲ့ပါပြီ။ ဒီရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီက ၅၂ ရာခိုင်နှုန်းနဲ့အနိုင်ရခဲ့ပြီး တကမ္ဘာလုံးကမျှော်နေကြတဲ့အတိုင်း အာဖရိကနွယ်ဖွား ဘရက်ခ် အိုဘားမား (Barack Obama) ဟာ အမေရိကန်နိုင်ငံရဲ့ ပထမဆုံး လူမည်း သမ္မတ ဖြစ်လာခဲ့ပါပြီ။
လေးနှစ်ကိုတကြိမ်ပုံမှန်ကျင်းပနေကြ အမေရိကန်ရွေးကောက်ပွဲဟာ မဲဆန္ဒရှင် အမေရိကန်ပြည်သူတွေချည်းသက်သက် စိတ်ဝင်စားတဲ့ ရွေးကောက်ပွဲမျိုးမဟုတ်ဘဲ တကမ္ဘာလုံးက ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်လေ့ရှိတဲ့ ရွေးကောက်ပွဲမျိုး ဖြစ်ပါတယ်။
အမေရိကန်ဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတနိုင်ငံဖြစ်သလို အမေရိကန်သမ္မတတွေရဲ့ ဆုံးဖြတ်ချက်ဟာလည်း ကမ္ဘာ့လူသား တွေအပေါ် သက်ရောက်မှုတွေရှိနေတာကြောင့် လူအများအာရုံထားမှုကို ခံရတာ ဖြစ်ပါတယ်။
ဒီတခေါက်ပြုလုပ်တဲ့ရွေးကောက်ပွဲကတော့ အရင်လုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေနဲ့မတူ ထူးခြားနေလို့ တကမ္ဘာလုံးရဲ့ အာရုံ စိုက်ခြင်းကို ခံရတာလည်း ဖြစ်ပါတယ်။ အဲဒီထူးခြားချက်ကတော့ ဒီမိုကရက်တစ်ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ သမ္မတလောင်းဟာ အာဖရိကန်နွယ်ဖွား လူမည်းတယောက် ဖြစ်နေလို့ပါပဲ။
အမေရိကန်ရွေးကောက်ပွဲကို ပြည်တွင်း၊ ပြည်ပမှာရှိကြတဲ့ မြန်မာနိုင်ငံသားတွေကလည်း အထူးစိတ်ဝင်စားစွာ စောင့်ကြည့်ခဲ့ကြပါတယ်။
ရန်ကုန်မှာရှိနေတဲ့ သတင်းသမားတဦးကတော့ “အဲဒီရွေးကောက်ပွဲကို စလောင်းတွေကနေ တိုက်ရိုက် စောင့်ကြည့်ကြတယ်။ သာမန်ပြည်သူကအစ ဘယ်သူသမ္မတဖြစ်မလဲဆိုတာကို စိတ်ဝင်စားကြတယ်။ အဓိကတော့ လူမည်းသမ္မတဖြစ်တာကြောင့်ပေါ့” လို့ ဧရာဝတီကို ပြောပါတယ်။
ကုမ္ပဏီ ဝန်ထမ်း တဦးကလည်း “ကျနော်သာ အမေရိကန်တယောက်ဆိုရင် သူ့ကိုပဲ (အိုဘားမား) မဲပေးမိမှာ၊ ပြည်သူ တွေက ဆော်မယ်တီးမယ်ဆိုတာကို သိပ်မလိုချင်ကြတော့ဘူးလေ” လို့ ပြောပါတယ်။
ကွန်ပျူတာပညာရှင်တဦးကမူ “အိုဘားမားကိုကြိုက်တဲ့သူများတာကတော့ သူကအသက်ငယ်လို့ တက်တက်ကြွကြွလုပ်နိုင် မယ်လို့မျှော်လင့်လို့၊ နောက်ပြီး အမေရိကန်ပြည်သူတွေက ခုချိန်မှာ အပြောင်းအလဲကို အရမ်းလိုချင်နေကြတယ်။ အဲဒါကြောင့် အိုဘားမားကို ထောက်ခံကြတာ” လို့ ပြောပါတယ်။
တချို့ကလည်း ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းပေါ်မူတည်ပြီး အမေရိကန် သမ္မတသစ်ကို စိတ်ဝင်စားကြတာပါ။ မစ္စတာ အိုဘားမား ကကော အမေရိကန်ပြည်သူတွေအပြင် ကမ္ဘာ့ပြည်သူတွေအကြိုက် ဘာတွေများလုပ်ပြဦးမလဲဆိုတာကို စိတ်ဝင်စားသူက ထုနဲ့ဒေးပါ။
“လူတွေက အီရတ်စစ်ပွဲအခြေအနေကိုသိချင်ကြတယ်၊ သမ္မတ ဘုရှ်က အီရတ်ကိုတိုက်ပြီး ဆဒမ်ဟူစိန်ကို ဖြုတ်ချပေးခဲ့ တာကို သဘောတွေ့ကြတယ်။ အာဏာရှင်ကိုဒီလိုဖြုတ်ချခဲ့တယ်ဆိုတာကို တော်တော်များများက လက်ခံကြတယ်။ ကျနော်တို့ဆီမှာကော အဲလိုဖြစ်မလာနိုင်ဘူးလားဆိုပြီး မျှော်ကြတယ်။ ဆိုလိုတာက မြန်မာ့နိုင်ငံရေးကို အမေရိကန်က ကယ်နိုင်တယ်ဆိုပြီးမျှော်လင့်နေကြတယ်” လို့ မြန်မာပြည်သူတွေကြားက ပြောဆိုမှုတွေကို အထက်ပါ သတင်းသမားက ပြန်လည်ရှင်းပြပါတယ်။
တချို့ကလည်း အမေရိကန်ပြည်သူတွေက မစ္စတာ အိုဘားမားကို သမ္မတ အဖြစ် ရွေးလိုက်ခြင်းအားဖြင့် ကမ္ဘာပေါ်က အသားအရောင်ခွဲခြားမှုတွေဟာ ၂၁ ရာစုမှာ အဆုံးသတ်သွားပြီလို့ သုံးသပ်ကြပါတယ်။
မြန်မာ စာရေးဆရာအများစုကလည်း အိုဘားမား နိုင်မယ်ဆိုပြီးခန့်မှန်းခဲ့ကြလို့ အခုတော့သူတို့ရဲ့ အတွေးတွေ တကယ်ဖြစ် လာခဲ့ပြီဆိုပြီး ဝမ်းသာနေကြပါတယ်။
မစ္စတာ အိုဘားမား အနိုင်ရခဲ့လို့ မြန်မာပြည်သားအများစုက ဝမ်းသာကြည်နူးနေချိန်မှာ တချို့ကလည်း မတူညီတဲ့ စိတ်ခံစား မှုတွေ ဖြစ်နေကြပါတယ်။
နိုင်ငံတကာ နိုင်ငံရေးသုံးသပ်ချက် ရေးသားနေသည့် ပြည်တွင်းက စာရေးဆရာတဦးက “ကျနော်ကတော့ မက်ကိန်းရှုံးသွား လို့ စိတ်မကောင်းဘူး။ သူကအောင်ဆန်းစုကြည်နဲ့လည်း တွေ့ဖူးတယ်။ မြန်မာ့အရေးကို ပိုလုပ်နိုင်မယ်ထင်တယ်။ နောက် သူက အသက်ကြီးတော့ အတွေ့အကြုံပိုရှိတယ်။ စစ်ရေးကော အုပ်ချုပ်ရေးမှာကော ပိုပြီးလုပ်နိုင်မယ် ထင်တယ်” လို့ ပြောပါတယ်။
အခုအချိန်မှာက မြန်မာပြည်သူတွေဟာ တခြားသော ကမ္ဘာ့နိုင်ငံတွေမှာလိုပဲ အမေရိကန်ရွေးကောက်ပွဲအကြောင်းကိုသာ ပြောဆိုနေကြတာ များပါတယ်။
နိဂုံးချူပ်ရရင်တော့ အမေရိကန်သမ္မတရွေးကောက်ပွဲကို အထူးစိတ်ဝင်စားကြတဲ့ မြန်မာ့ပညာတတ် အသိုင်းအ၀န်းမှာ အိုဘားမား နိုင်တာကို ကြိုဆိုကြတယ်။ နိုင်ငံတိုင်းမှာ ဒီမိုကရေစီစနစ်ပင်ဖြစ်လင့်ကစား အပြောင်းအလဲကို မြင်ချင်ကြတယ်၊ လိုချင်ကြတယ်ဆိုတာ ပိုထင်ရှားလာတယ်။
မြန်မာနိုင်ငံလို စစ်အာဏာရှင်အောက်မှာနေကြတဲ့ ပြည်သူတွေအားလုံးလည်း အပြောင်းအလဲကို အရမ်းလိုချင်နေကြတယ်။ ကိုယ့်ဆီမှာ မျှော်လင့်လို့မရတာကို သူများတိုင်းပြည်က ရွေးကောက်ပွဲကိုကြည့်ပြီး အမေရိကန်ပြည်သူတွေနဲ့အတူ အပြောင်းအလဲကိုထောက်ခံအားပေးနေကြတယ်ဆိုတာ သေချာလွန်းလှပါတယ်။
ကိုသက် နိုဝင်ဘာ ၅၊ ၂၀၀၈/The Irrawaddy

North Carolina မှရှစ်လေးလုံးအခမ်းအနား


ဒေါက်တာစိန်ဝင်း(၀န်ကြီးချုပ်) ၊ ကိုဇော်မင်း(၈၈ မျိုးဆက်-ပြည်ပ)
ရှစ်လေးလုံးအရေးတော်ပုံ အနှစ်(၂ဝ)ပြည့်အခန်းအနား ကို ဝ၂၊ဝ၈၊၂ဝဝ၈ ရက်နေ( နံက်၁၂းဝဝ မှ ညနေ၄းဝဝ)အထိ အမေရိကန်ပြည်ထောင်စု မြောက်ကာရိုလိုင်းနားပြည်ရှိ ဒီမိုကရေစီအင်အားစုများမှ ချာပါဟေး္ကတက္ကသိုလ်ကျောင်း ခမ်းမတွင်စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။
အခန်းအနားသို့ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသား ညွန့်ပေါင်းအစိုးရအဖွဲမှ ဝန်ကြီးချုပ်ဒေါက်တာစိန်ဝင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ‹ချုပ်လွတ်မြောက်နယ်မြေ (အမေရိကန်ဌာနခွဲမှဥက္ကဌ ဦးအောင်စောဦး၊၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဇော်မင်း၊အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကော်မီတီမှ ကိုယဉ်အေး တို့မှတက်ရောက်ပြီး မြန်မာပြည်ဒီမိုကရေစီရရှိရေး အတွက်ရှေ့ဆက်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များ၊မြန်မာနိုင်ငံလွတ်မြောက်ရေးအတွက် ကျောင်းသားများ၏ လှုပ်ရှားဆောင်ရွက်မှုများ စသည်တို့ကိုအသီးသီးဟောပြောတင်ပြသွားခဲ့ပါသည်၊အဆိုပါအခန်းအနားသို့ အင်ဒီယားနားပြည်နယ်၊ ကန်တကီပြည်နယ်၊ဝါရှင်တန်ဒီစီ(မေရီလင်း)ဘာဂျီးနီးယားပြည်နယ်နှင့် မြောက်ကာရိုလိုင်းနား ပြည်နယ် များမှ ဒီမိုကရေစီအင်အားစုများ အမေရိကန်ပြည်သူများ (၁၅ဝ)ကျော်ခန့်တက်ရောက်ခဲ့ကြပါ သည်။ အခန်းအနားတွင် မြန်မာပြည်၏ ရှစ်လေးလုံးကာလတွင် စစ်တပ်၏ ပြည်သူလူထုအပေါ် အကြမ်းဖက် ရက်စက်စွာ နှိမ်နင်းခဲ့သည့် ဓါတ်ပုံများ၊ စက်တင်ဘာရွေဝါရောင်တော်လှန်ရေးတွင် သံဃာတော်များအား အကြမ်းဖက်နှိမ်နင်းခဲ့သည့်ဓါတ်ပုံမှတ်တမ်းများအား တင်ပြခဲ့ရာ တက်ရောက်လာသူများမှ အထူးပင် စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြပြီးအခန်းအနားကို ညနေ ၄ နာရီတွင်အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။
သတင်းပေးပို့သူ/ကိုဇော်မိုးနိုင်

ကချင် အပစ်ရပ်ခေါင်းဆောင်များ နိုင်ငံရေးအဖွဲ့သစ်ဖွဲ့

ကချင်တိုင်းရင်းသား အပစ်အခတ်ရပ်စဲရေး ခေါင်းဆောင်များက ကချင်လူထုကို ကိုယ်စားပြုမည့် နိုင်ငံရေး အဖွဲ့သစ် တဖွဲ့ကို ဖွဲ့စည်း လိုက်ကြောင်း သိရသည်။
ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO) ၊ ကချင် ဒီမိုကရေစီသစ် တပ်မတော် (NDA-K) နှင့် ကချင် အတိုင်ပင်ခံ ကောင်စီ (KCC) တို့ပါဝင်သည့် အဆိုပါ အဖွဲ့ကို ယခုလအတွင်း ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး KIO ဒု ဥက္ကဌ (၂) ဒေါက်တာ တူးဂျာက ဦးဆောင်သည်ဟု ယင်းအဖွဲ့နှင့် နီးစပ်သူများက ပြောသည်။
KIO နိုင်ငံခြားရေးတာဝန်ခံနှင့် ဒု ဥက္ကဌ (၁) ဗိုလ်ချုပ် ဇော်ဆိုင်းက“ကချင်လူထုအနေနဲ့ နိုင်ငံရေးပါတီ ဖွဲ့စည်း လှုပ်ရှားမှုမှာ ပူးပေါင်း ပါဝင်လာနိုင်ရေးအတွက် အခု ဖွဲစည်းမှုက ပထမ ခြေလှမ်းဖြစ်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယခုဖွဲ့စည်းလိုက်သော အဖွဲ့တွင် အဖွဲ့ဝင် အနည်းဆုံး ၅၀ ခန့်ပါဝင်ပြီး KIO နှင့် NDA-K အဖွဲ့များမှ ကိုယ်စား လှယ် ၁၀ ဦး စီ ပါဝင် ကြောင်း၊ KCC အဖွဲ့နှင့် တခြားသော အရပ်သားအဖွဲ့များက ဆက်သွယ်ပါဝင်လာရန် ကျန် ရှိသေးကြောင်း၊ အဖွဲ့၏ အမည်ကိုလည်း မရွေးချယ်ရသေးကြောင်း ၎င်းက ဆိုသည်။
“ဒီ အဖွဲ့ကို တရားဝင် နိုင်ငံရေးပါတီအဖြစ် ဖွဲ့စည်းခွင့်ရခဲ့ရင်တော့ အဖွဲ့အမည် ပေးရမှာပါ”ဟု ဗိုလ်ချုပ်ဇော်ဆိုင်း က ပြောဆိုသည်။
အဖွဲ့ဝင်များအနေနှင့် အသွင်ကူးပြောင်းရေးကာလ တခုအတွက် နောက်ဆုံးအချိန်အထိ နိုင်ငံရေး ပါတီတရပ်၏ တာဝန် များကို ထမ်းဆောင်ပြရမည်ဖြစ်ကြောင်းနှင့် ကချင်လူထု၏ စည်းလုံးမှုနှင့် ကူညီထောက်ပံ့မှုများရရှိရေး အတွက် စည်းရုံး ဆောင်ရွက်သွားရန် အစီစဉ်ရှိသည်ဟုလည်း ဆိုသည်။
ယင်းအဖွဲ့သည် ၂၀၁၀ ခုနှစ်တွင် မြန်မာ စစ်အစိုးရက ပြုလုပ်မည့် ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေခြင်း ဖြစ်ကြောင်းနှင့် စစ်အစိုးရအနေနှင့် ယခုကဲ့သို့ နိုင်ငံရေး ပါတီဖွဲ့စည်းခွင့် ပေးမည်မပေးမည် ဆိုသည်ကို မသေချာ သေးကြောင်းလည်း သိရသည်။
ဇူလိုင်လ ၂၃ ရက်နေ့တွင် တရုတ် မြန်မာ နယ်စပ် အနီး ကချင်ပြည်နယ် လိုင်ဇာ မြို့၌ ကချင် ခေါင်းဆောင်များက ယခု အဖွဲ့သစ်နှင့် ကချင်လူထု မိတ်ဆက်ပွဲ ပြုလုပ်ခဲ့ရာ KIO ၊ NDA-K နှင့် KCC အဖွဲ့ဝင်များ အပါအ၀င် ပရိသတ် ၈၀၀ ခန့် တက်ရောက်ခဲ့သည်ဟု တက်ရောက်ခဲ့သူတဦးက ဆိုသည်။
ယခုအဖွဲ့သစ်သည် နိုင်ငံရေးပါတီအနေနှင့် ဦးတည်ရည်မှန်းသည့်အတိုင်း လွယ်ကူချောမွေ့စွာဖြင့် အောင် အောင်မြင်မြင် လုပ်ဆောင်သွားနိုင်ရန် ထောက်ပံ့ကူညီမှုများရရှိနိုင်မည်ဟု မထင်မြင်မိကြောင်းကို KIO ခေါင်း ဆောင်များနှင့် နီးစပ်သူ တဦးဖြစ်သည့် မာဂရမ် က ပြောသည်။
ပြီးခဲ့သော မေလ ကပင် ဖွဲ့စည်းနေသည်ဟု ယူဆရသော ယင်းအဖွဲ့နှင့် ပတ်သက်ပြီး KIO လက်အောက်ခံ ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့ဝင်များနှင့် KIO အောက်ခြေ အဖွဲ့ဝင်များ၏ အတိုက်အခံ ပြုလုပ်လိုမှုများကိုတွေ့မြင် ရကြောင်းနှင့် ထိုသို့ သဘောထားကွဲလွဲမှုများ ရှိနေသောကြောင့် KIO ခေါင်းဆောင် များအနေနှင့် နိုင်ငံရေးပါတီဖွဲ့စည်းရေး အတွက် တခြားသော နည်းလမ်းကို ရှာဖွေရဖွယ်ရှိကြောင်းလည်း ၎င်းက ပြောဆိုသည်။
KIO အဖွဲ့သည် ၁၉၉၀ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်ပြီး ၁၉၆၁ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။
အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသားအဖွဲ့များအနေနှင့် နိုင်ငံရေးပါတီ အဖြစ် ပြောင်းလဲဖွဲ့စည်း လိုပါက လက်နက် စွန့်လွှတ်ရမည်ဖြစ်ကြောင်းနှင့် စာရင်းရှိ လက်နက်ကိုင် တပ်ဖွဲ့ဝင်များအားလုံးကို အထူး ရဲ တပ်ဖွဲ့ (ပြည်သူ့စစ်) ပုံစံ ပြောင်းလဲရမည်ဖြစ်ကြောင်း စစ်အစိုးရက တိုက်တွန်းမှုများရှိသည်ဟုလည်း KIO နှင့် နီးစပ် သူများက ပြောဆိုသည်။တိုင်းရင်းသား အပစ်ရပ်အဖွဲ့များအနှေင့် ယင်းသို့ လက်နက်စွန့်ရန် မဆုံးဖြတ်ပါက စစ်အစိုးရပြုလုပ်မည့် ရွေးကောက်ပွဲ ၀င်ခွင့်နှင့် နိုင်ငံရေးပါတီ ဖွဲ့စည်းခွင့်ကို ငြင်းပယ်ခံရဖွယ်ရှိကြောင်း သိရှိရသည်။
ဧရာဝတီ ဇူလိုင် ၂၉၊ ၂၀၀၈

ဖျက်သိမ်းခံဘဏ်တို့မှ ငွေလာမထုတ်ပါက နိုင်ငံပိုင်အဖြစ်သိမ်းမည်

ဖျက်သိမ်းခံထားရသည့် မြန်မာမေဖလားဝါးဘဏ်နှင့် အာရှဓနဘဏ်များမှ အပ်နှံငွေများလာ မထုတ်ယူပါက ယခုနှစ်အကုန်တွင် နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူမည်ဟု အဆိုပါဘဏ်များ၏ စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိက စစ်အစိုးရပိုင် သတင်းစာများမှတဆင့် ကြေညာထား သော်လည်း ငွေအပ်နှံသူများ မည်သည့်အတွက် မထုတ်သေးသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ဘဏ်အပ်နှံငွေအမျိုးမျိုးနှင့် အခြားပေးရန် တာဝန်များကို ဘဏ်၏ စာရင်းရှင်းလင်း ဖျက်သိမ်းရေး အရာရှိလက်မှ ရန်ကုန် ကော်လိတ္တော် အရာရှိထံသို့ အပ်နှံပြီးဖြစ်ကြောင်း၊ အမှတ် (၆၂)၊ ဒုတိယ ထပ်၊ ပန်းဆိုးတန်းလမ်းရှိ ရန်ကုန် ကော်လိတ္တော်အရာရှိ (ကုမ္ပဏီများဆိုင်ရာ အခွန်ရုံး ဌာနမှူး) ထံတွင် အထောက်အထား အပြည့်အစုံဖြင့် တောင်းခံထုတ်ယူနိုင်ကြောင်း ကြေညာချက်တွင် ပါရှိသည်။
သတင်းစာတွင် ထည့်သွင်းကြေညာသည့်ရက် ဇူလိုင် (၁၉) ရက် မှစ၍ ၂၀၀၈ခု ဒီဇင်ဘာ (၃၁) ရက် အတွင်း လာမထုတ်လျှင် နိုင်ငံတော်ဘဏ္ဍာအဖြစ် ပေးသွင်းမည် ဖြစ်သည်ဟုလည်း ပါရှိသည်။ငွေအပ်နှံထားသူတို့အနေဖြင့် ကိုယ်တိုင် လာရောက်ထုတ်ယူရန်၊ ငွေစုစာအုပ်၊ မှတ်ပုံတင်မူရင်း၊ ငွေစာရင်းအမှတ်နှင့် ငွေအပ်နှံထားခြင်းဆိုင်ရာ အခြားအထောက်အထားများ တင်ပြရန် လိုအပ် ကြောင်း သိရသည်။ အထောက်အထားများ ပြည့်စုံမှုရှိမရှိ ဘဏ်များတွင် စိစစ်စေပြီးနောက် ငွေ ထုတ်ခွင့်အမိန့်ကို ရန်ကုန် ကော်လိတ္တော်အရာရှိက ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပါရှိသည်။ယင်းဘဏ်တို့ ပိတ်သိမ်းခံရစဉ်ကတည်းက ငွေအပ်နှံသူများကို ငွေပြန်ထုတ်ပေးခဲ့သော်လည်း ယခုနောက်ဆုံးအကြိမ်အဖြစ် ကြေညာခြင်းဖြစ်ကြောင်း ရန်ကုန်ရှိ အကြီးတန်း စီးပွားရေးသတင်း ထောက်တဦးက ပြောသည်။၎င်းက “ခုဟာက နောက်ဆုံးစာရင်းရှင်း ဖျက်သိမ်းရေးအဖွဲ့က နောက်ဆုံးဘိတ် ခေါ်တာပေါ့နော်။ ဒါပြီးရင် ဘာမှ လက်မခံတော့ဘူး။ ဘဏ်ကတော့ ပိတ်သွားပြီ။ ရုံးခန်းလည်း မထားတော့ဘူး။ လူတွေနဲ့ ဆက်ဆံတဲ့ဟာလည်း ပိတ်သွားတာ ကြာလှပြီ်။ ငွေမထုတ်ပဲ ကျန်တဲ့လူကတော့ မရှိ သလောက်ပဲ။ အထောက်အထား မပြည့်စုံတဲ့သူသော်လည်းကောင်း ငွေပမာန နည်းလို့ (၂) သောင်း (၃) သောင်းလောက်နဲ့ အလုပ်ရှုပ်ခံပြီး သွားမထုတ်တာလည်း ဖြစ်ရင်ဖြစ်မယ်။ ငွေပမာဏများတဲ့ ဟာတွေကတော့ တော်တော်များများ ထုတ်ပြီးကြပါပြီ” ဟု ပြောသည်။
မြန်မာမေဖလားဝါးဘဏ်နှင့် အာရှဓနဘဏ်နှစ်ခုကို ထိုဘဏ်များကိုယ်တိုင် ငွေမဲခ၀ါချသည့် လုပ်ငန်းများ လုပ်ကိုင်သည့်ဘဏ်များအဖြစ် သံသယရှိကြောင်း ၂၀၀၃ ခု နိုဝင်ဘာလတွင် အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနက သတ်မှတ်ကြေညာခဲ့သည်။
တဆက်တည်းမှာပင် အမေရိကန်ငွေကြေးအဖွဲ့အစည်းများသည် အဆိုပါ ဘဏ်နှစ်ခုအပါအ၀င် ၎င်းဘဏ်များနှင့် ဆက်စပ်နေသည့် ဘဏ်စာရင်းများနှင့်ပါ အဆက်အသွယ်ဖြတ်ရန် အဆိုပြုချက် ကိုပါ အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။ မြန်မာမေဖလားဝါးဘဏ်နှင့် အာရှဓနဘဏ် နှစ်ခုပါဝင်နေသည့် ဘဏ်စာရင်းများကိုမူ ခြွင်းချက်မရှိ ပိတ်ရမည်ဟုပါ ကြေညာ ထားသည်။
မကြာခင် မြန်မာစစ်အစိုးရ သတင်းစာများက အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန် ချက်ကို မှားယွင်းသည့်သဘောထားဆိုပြီး ပြောဆိုသည့်ပြင် မျှတမှုမရှိဟု တုံ့ပြန်ခဲ့သည်။ မကြာခင် ထိုဘဏ်နှစ်ခုကို စစ်အစိုးရက စစ်ဆေးပိတ်ပစ်ခဲ့သော်လည်း မည်သူတဦးကိုမှ ငွေမဲခ၀ါချမှုအတွက် ယနေ့တိုင် အရေးယူခဲ့ခြင်း မရှိပေ။
ပီတာအောင်/ ၂၉ ဇူလိုင် ၂၀၀၈

အမေရိကန်သမ္မတကတော် မဲဆောက်လည်ပတ်မည်


ရွှေ့ပြောင်းမြန်မာ ကလေးငယ်များ၏ ပညာရေး၊ ကျန်းမာရေး ကိစ္စများ တိုးတက်ရေး ပိုမိုကူညီမှု ပေးနိုင်ဖို့အတွက် အမေရိ ကန်သမ္မတကတော် လော်ရာဘုရှ် လာမည့်လ (၇) ရက်နေ့တွင် မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းသို့ လာရောက်မည် ဖြစ် သည်။
မယ်တော်ဆေးခန်း တာဝန်ခံ ဒေါက်တာစင်သီယာမောင်က “ကျမတို့ဆေးခန်းကို နောက်လ (၇) ရက်နေ့လာမယ်။ မဲဆောက်ဒေသအတွင်းမှာရှိတဲ့ မြန်မာရွှေ့ပြောင်းကျောင်း တွေမှာ ဘော်ဒါ ဆောင်နေတဲ့ မြန်မာကလေး (၁,၅၀၀) နဲ့

ပြည်တွင်းက ကလေး (၁,၀၀၀) အတွက် လော်ရာဘုရှ်တို့အဖွဲ့က မနှစ်ကစပြီး ထောက်ပံ့ကူညီမှု ပေးတယ်။ အဲဒါနဲ့ ဆက်စပ်ပြီး ဒီက အခြေအနေကို လာရောက်လေ့လာတာ ဖြစ်တယ်လို့ သိရ တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။


၎င်းကလေးငယ်များအတွက် ထောက်ပံ့မှုများကို နိုင်ငံတကာ ကယ်ဆယ်ရေးကော်မတီ (IRC) မှတဆင့် မယ်တော်ဆေးခန်းသို့ ပေးပို့လှူဒါန်းခြင်းဖြစ်ပြီး နယ်စပ်နှင့် ပြည်တွင်းမှ အဆောင်နေ မြန်မာကလေးငယ်များအတွက် သူမတို့အဖွဲ့မှ ကူညီပေးခြင်းဖြစ်ကြောင်း မယ်တော်ဆေးခန်း တာဝန်ခံက ပြောသည်။
လော်ရာဘုရှ်၏ ခရီးစဉ်နှင့် ပတ်သက်၍ မဲဆောက်မြို့ပိုင် နိုင်ကော်ကယ်ကျူလားဖန်းက “အမေရိ ကန်သမ္မတကတော် (၇) ရက်နေ့ မဲဆောက်ကိုလာမယ်။ သူ့ရဲ့ရှေ့ပြေးလူ (၃၀) မနက်ဖြန် ရောက် ပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်မှာဖြစ်တယ်” ဟု အတည်ပြု ပြောသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမား ပညာရေးကော်မတီ (BMWEC) ဥက္ကဋ္ဌ ဆရာမ နော်ဖောရေ က “လာမယ့် (၇) ရက်နေ့ သူနဲ့တွေ့ရင် ရွှေ့ပြောင်းကလေးတွေရဲ့ ပညာရေးသင်ကြားမှု အနေအထား ကို ဒီလောက်နဲ့ မရပ်စေချင်ဘူး။ ဒီထက်ဆက်ပြီး ဆုံးခန်းတိုင် ပညာသင်ကြားခွင့် ရဖို့ဆိုတဲ့ အခွင့် အရေးကို ကူညီဖို့ တိုက်တွန်းမယ်” ဟု ပြောသည်။
မယ်တော်ဆေးခန်းနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမား ပညာရေးကော်မတီအဖွဲ့များက လော်ရာ ဘုရှ်အား နယ်စပ်ကျန်းမာရေးနှင့် ပညာရေး အခြေအနေများအား ရှင်းပြမည်ဖြစ်သည်။
မဲဆောက်ဒေသအတွင်း မဲဆောက်၊ မဲလမတ်၊ ဖို့ဖတ်၊ သုံးမြို့နယ်တွင် မြန်မာကလေးငယ်ရွှေ့ ပြောင်း စာသင်ကျောင်း (၅၄) ကျောင်းရှိပြီး ရွှေ့ပြောင်းမြန်မာကလေးငယ် (၁၀,၀၀၀) ခန့် ပညာသင်ကြားလျက်ရှိသည်ဟု BMWEC ၏ စစ်တမ်းက ဖော်ပြထားသည်။
NEJ/ ၂၉ ဇူလိုင် ၂၀၀၈



သမ္မတဘုရှ် ထိုင်းနိုင်ငံခရီးစဉ်အတွင်း မြန်မာ့အရေးလှုပ်ရှားသူများနှင့် တွေ့နိုင်ဖွယ်ရှိ

လာမယ့် ဇန်န၀ါရီလကျရင် သမ္မတ သက်တမ်း ကုန်ဆုံးတော့မှာဖြစ်တဲ့ အမေရိကန်သမ္မတ ဂျော့ဒဗလျူဘုရှ် သူ့ရဲ့ နောက်ဆုံးအကြိမ် သမ္မတ ခရီးစဉ်အဖြစ်နဲ့ အာရှနိုင်ငံတွေကို သွားရောက်ဖို့ရှိပါတယ်။ ထိုင်းနိုင်ငံကို အရင်ဆုံး သွားရောက်မှာဖြစ်ပါတယ်။သူ့ရဲ့ထိုင်းနိုင်ငံခရီးစဉ်အတွင်း မြန်မာနိုင်ငံက ဒီမိုကရေစီရေး လှုပ်ရှားသူတချို့နဲ့တွေ့ဆုံကောင်း တွေ့ဆုံနိုင်တယ်လို့ ဘန်ကောက်ကလာတဲ့ သတင်းတချို့ကို ကိုးကားပြီး၂၈ ရက်နေ့ထုတ် မဇ္စျိမသတင်းမှာ ဖော်ပြပါတယ်။
သြဂုတ်လ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ သွားရောက်မယ့် အမေရိကန်သမ္မတရဲ့ ထိုင်းနိုင်ငံခရီးစဉ်အတွင်း သမ္မတကတော် လော်ရာဘုရှ်လည်း သူနဲ့အတူ လိုက်ပါမှာဖြစ်ပါတယ်။ သမ္မတနဲ့ သမ္မတကတော် နှစ်ဦးစလုံးတို့ဟာ မြန်မာ့အရေးနဲ့ ပတ်သက်လို့တက်တက်ကြွကြွ ပြောဆို ဆွေးနွေးလေ့ရှိကြသူတွေပါ။ အခုလည်း သူတို့ရဲ့ ထိုင်းနိုင်ငံခရီးစဉ်အတွင်း မြန်မာ့အရေး လှုပ်ရှားသူတချို့နဲ့ တွေ့ကောင်းတွေ့နိုင်တယ် ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတာပါ။ သမ္မတ အိမ်ဖြူတော်ကတော့ သမ္မတရဲ့ ခရီးစဉ်အသေးစိတ် အပြီးသတ် မဆွဲရသေးတာကြောင့် ဒါနဲ့ပတ်သက်လို့ အတည်မပြုနိုင်သေးတဲ့အကြောင်း ဗွီအိုအေကိုပြောပါတယ်။
သမ္မတဘုရှ်အနေနဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေနဲ့ တွေ့မယ့်မတွေ့ဘူးဆိုတာ မသေချာပေမယ့် သမ္မတဘုရှ်အနေနဲ့ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံကိုရောက်တုန်း မြန်မာနိုင်ငံနဲ့ပတ်သက်လို့ တိုက်တွန်းပြောကြားတာမျိုးတွေတော့ လုပ်နိုင်တယ်လို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်နေတဲ့ USCampaign for Burma အဖွဲ့ရဲ့ မူဝါဒရေးရာ ညွှန်ကြားရေးမှူး ဦးအောင်ဒင်က အခုလိုသုံးသပ်ပါတယ်။
“သမ္မတဘုရှ်က ထိုင်းမှာ နှစ်ရက်ထဲခင်ဗျ။ ဆိုတော့ ဒီနှစ်ရက်အတွင်းမှာ သူ့ အနေနဲ့ထိုင်းဘုရင်မင်းမြတ်နဲ့ တွေ့ဆုံဖို့ရှိတယ်၊ ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံမယ်၊ တခြားအစည်းအဝေးတွေ တက်မယ်ပေါ့နော်။ သူ့ရဲ့ Schedule (ခရီးအစီအစဉ်) က ကျနော်တို့ သိသလောက်ဆိုရင် တော်တော်ကြီးကို ကျပ်ပါတယ်။
“အဲဒီတော့ သမ္မတအနေနဲ့ ဘန်ကောက်မှာရှိတဲ့ မြန်မာအတိုက်အခံတွေကို တွေ့ ဆုံဖို့ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာ ကျနော် မသေချာပါဘူး။ ကြိုးစားမယ်လို့တော့ ထင်ပါတယ်။အနည်းဆုံး သူ့ရဲ့ကိုယ်စားလှယ်တွေကို စေလွှတ်ပြီးတော့ တွေ့ခိုင်း တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
“အလားတူပဲ ကျနော်တို့သိသလောက် First Lady အနေနဲ့လည်း မဲဆောက်ကို သွားပြီးတော့ လေ့လာနိုင်တယ်၊ ဒေါက်တာစင်သီယာမောင်ရဲ့ ဆေးခန်းတို့၊ နောက်တခါ တခြားနေရာတွေပေါ့နော်၊ ဒုက္ခသည်စခန်းတို့ သွားကြည့်ချင်တဲ့ ဆန္ဒလည်းရှိတယ်။
“သို့သော်လည်း တကယ့်တကယ်မှာကျတော့ အချိန်က အရမ်းကို တိုတောင်းတဲ့ အခါကျတော့ သူ တကယ် ကိုယ်တိုင်ကိုယ်ကျ သွားရောက်ဖို့ဆိုတာ ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာ ခုထိ ကျနော်တို့ မသေချာသေးပါဘူး။
“သို့သော်လည်း သမ္မတဘုရှ်အနေနဲ့ ထိုင်းကို ရောက်တဲ့အချိန်မှာ သေချာတာက တော့သူ့ရဲ့ မိန့်ခွန်းတွေအားလုံးမှာ မြန်မာပြည် ဒီမိုကရေစီရေး လှုပ်ရှားမှု အကြောင်းကိုတကယ့်ကို အလေးအနက်ထားပြီး ပြောဆိုသွားမယ်၊ မြန်မာ့ အရေးကိစ္စနဲ့ပတ်သက်ပြီးတော့ အာဆီယံနိုင်ငံများက ဒီ့ထက်မက ပိုပြီးတော့ ဖိအားပေးမှုတွေလုပ်အောင် တိုက်တွန်းသွားမယ်၊ နောက် မြန်မာပြည်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် အမေရိကန်ပြည်ထောင်စုရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ထပ်ခါထပ်ခါ သူ ထပ်လောင်းပြောကြားသွားမယ်။ ဒါတွေတော့သေချာပါတယ်။
“နောက် တချိန်ထဲမှာပဲ ထိုင်းအစိုးရကိုလည်း ထိုင်းနိုင်ငံမှာရောက်နေတဲ့ မြန်မာအတိုက်အခံများရဲ့ လုံခြုံရေးနဲ့ပတ်သက်လို့ သူ့ရဲ့ စိတ်ပူပန်မှုတွေကိုလည်း သူဖော်ထုတ်ပြောကြားလိမ့်မယ်လို့ ကျနော်တို့ယူဆပါတယ်။”
ဟုတ်ကဲ့၊ သမ္မတဘုရှ်က နောက် ခြောက်လလောက်ကျရင် သမ္မတသက်တမ်း ကုန်ဆုံးတော့မှာဆိုတော့ နောက်တက်လာမယ့် သမ္မတ အနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်လာရင် တက်တက်ကြွကြွ ဆောင်ရွက်လိမ့်မယ်လို့ ထင်ပါသလားရှင့်။ ဒီ မြန်မာနိုင်ငံအပေါ်ထားတဲ့ အမေရိကန်ရဲ့ မူဝါဒတွေ ထူးထူးခြားခြား ပြောင်းသွားနိုင်တဲ့ အနေအထားမျိုးရော ရှိနိုင်ပါသလား။
“ကျနော်တို့ နားလည်သလောက် အခု ဒီ သမ္မတလောင်းနှစ်ယောက် ရှိတယ်ပေါ့ဗျာ။ဒီမိုကရက်ပါတီက ဘရက် အိုဘားမားနဲ့ ရီပတ်ဘလီကန်ပါတီက ဆီနေတာ မက်ကိန်းနှစ်ယောက်ရှိတယ်။ နှစ်ယောက်စလုံးက မြန်မာ့အရေးနဲ့ ပတ်သက်လို့ ရှိရင် အင်မတန်မှတက်ကြွကြတဲ့ လူပုဂ္ဂိုလ်တွေပါ။
“အထက်လွှတ်တော်မှာ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေ ကျနော်တို့အများကြီး ကြိုးစားခဲ့ကြတယ်။ အထူးသဖြင့် မြန်မာစစ်အစိုးရ စီးပွားရေး ပိတ်ဆို့အရေးယူမှုတို့၊ အခုနောက်ဆုံးလုပ်ခဲ့တဲ့ ကျောက်မျက်ရတနာပစ္စည်းတွေ တင်သွင်းတာ ပိတ်ပင်ဖို့တို့၊ ဒေါ်အောင်ဆန်းစုကြည်ကို ကွန်ဂရက်ကနေပြီးတော့ ဂုဏ်ထူးဆောင် ရွှေတံဆိပ်ပေးဖို့တို့ စသည်ဖြင့်ပေါ့ဗျာ၊ ကွန်ဂရက်ကနေပြီးတော့ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကျဖို့ ကြိုးစားတဲ့နေရာမှာ နှစ်ယောက်စလုံးက ရှေ့တန်းကနေတက်တက်ကြွကြွ ဦးဆောင်ပါဝင် ထောက်ခံ ခဲ့ကြတာပါ။
“နောက် ခုချိန်မှာလည်း သူတို့ ပြီးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျသက်တမ်း နအဖကတိုးတာကို ဆီနေတာမက်ကိန်းအနေနဲ့ရော၊ ဆီနေတာအိုဘားမားအနေနဲ့ရော ပြင်းထန်တဲ့ကြေညာချက်တရပ်စီ ထုတ်ပြန်ပြီး တော့ နအဖစစ်အစိုးရကို ပြစ်တင် ရှုတ်ချခဲ့ကြတာပါ။
“နောက် ဆီနေတာမက်ကိန်းရဲ့အဖွဲ့ထဲမှာရော၊ ဆီနေတာအိုဘားမားရဲ့ အဖွဲ့ထဲမှာရောမြန်မာ့အရေးကိစ္စ အင်မတန်မှ ထောက်ခံအားပေးတဲ့ပုဂ္ဂိုလ်တွေက ၀င်ရောက်ပြီးလှုပ်ရှားနေကြတာပါ။
“ဆိုတော့ သမ္မတဘုရှ်အနားယူသွားပြီး သမ္မတသစ်တက်လာတဲ့အချိန်မှာ မြန်မာပြည်ရဲ့ဒီမိုကရေစီရေးလှုပ်ရှားမှုအပေါ်မှာ သဘောထား ထူးထူးခြားခြား ပြောင်းလဲလိမ့်မယ်လို့ကျနော်မထင်ပါဘူး။”
US Campaign for Burma အဖွဲ့ မူဝါဒရေးရာ ညွှန်ကြားရေးမှူး ဦးအောင်ဒင် ပြောပြခဲ့တာပါ။
ထိုင်းနဲ့ အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး နှစ်ပေါင်း ၁၇၅ နှစ်ပြည့် အထိမ်းအမှတ်ဂုဏ်ပြုဖို့အတွက် အဓိက ရည်ရွယ်ချက်နဲ့ သမ္မတ ဘုရှ် အခုလို ထိုင်းနိုင်ငံကို လာရောက်မှာဖြစ်ပြီး ခရီးစဉ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ဒေသတွင်းဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးသွားဖို့ရှိသလို အမေရိကန်နိုင်ငံရဲ့ အာရှဒေသဆိုင်ရာ မူဝါဒတွေနဲ့ပတ်သက်တဲ့ အရေးကြီးတဲ့မိန့်ခွန်းတရပ် ပြောကြားဖို့ရှိတယ်လို့ ၀ါရှင်တန်ဒီစီ ထိုင်းသံရုံးရဲ့ နိုင်ငံရေးရာ တာဝန်ခံ တန်နီ ဆန်ဂရက် (TaneeSangrat) က ပြောပါတယ်။ သမ္မတဘုရှ်ရဲ့ ခရီးစဉ်ကနေ နှစ်နိုင်ငံအကြား ရင်းနှီးချစ်ကြည်မှုတွေ ပိုပြီး တည်ဆောက်မှာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
သြဂုတ်လ ၇ ရက်နေ့မှာ သမ္မတ ဘုရှ် ထိုင်းနိုင်ငံကနေ ထွက်ခွာမှာဖြစ်သလို သြဂုတ်လ၈ ရက်နေ့ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ကျင်းပတဲ့ နွေရာသီ အိုလံပစ်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို တက်ရောက်မှာဖြစ်ပါတယ်။ အဲဒီနောက် တောင်ကိုရီးယားနိုင်ငံကိုလည်းသွားရောက်ဦးမှာဖြစ်ပါတယ်။
29 July 2008/VOA

ရွှေဝါရောင်တော်လှန်ရေးတွင်ပါသည့် မြန်မာမွတ်စလင်များကို ရဲဘက်စခန်းပို့

လွန်ခဲ့သည့်နှစ် စက်တင်ဘာလတွင် ပေါ်ပေါက်ခဲ့သော ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် ကျောင်းသား လူငယ် ၁၀ ဦးကို စစ်အစိုးရက ထောင်ဒဏ် ၂ နှစ်စီချမှတ်၍ ရဲဘက်စခန်းများသို့ပို့ရာ ၎င်းတို့အနက် အများစုသည် မွတ်စလင် ဘာသာဝင်များဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (အေအေပီပီ) က ပြောသည်။
အဆိုပါ နိုင်ငံရေးအကျဉ်းသား ၁၀ ဦးကို စစ်အစိုးရက ယခုအပတ်အတွင်း ထောင်ဒဏ် ၂ နှစ်စီချမှတ်ပြီး ပြည်ထဲရေးဝန်ကြီး ၏ အမိန့်ဖြင့် ဒေါက်ခြေချင်းများခတ်ကာ ရဲဘက်စခန်းအသီးသီးသို့ ပို့ဆောင်လိုက်ခြင်းဖြစ်သည်ဟု ယနေ့ထုတ် အေအေပီပီ ကြေညာချက်တွင် ဖော်ပြထားသည်။

မွတ်စလင်အများစုပါဝင်သည့် အဆိုပါ နိုင်ငံရေးအကျဉ်းသား ၁၀ ဦးကို ကျိုက်မရော ဘ၀သစ် (၆) ရဲဘက်စခန်း၊ ဘားအံ ဘ၀သစ် (၇) ရဲဘက်စခန်း၊ ဇင်းကျိုက် ကျောက်စခန်း၊ ရင်းငြိမ် ကျောက်စခန်းနှင့် တောင်စွန်း ရဲဘက်စခန်းများသို့ ပို့ဆောင်ခြင်း ဖြစ်သည်။
အေအေပီပီ ကြေညာချက်တွင် “ယေဘုယျအားဖြင့် နိုင်ငံရေးအကျဉ်းသားများကို ရဲဘက်စခန်းသို့ပို့ဆောင်၍ အလုပ်ကြမ်း များ ခိုင်းစေခြင်း မရှိခဲ့ပေ။ သို့သော်လည်း ၁၉၉၀ ခုနှစ် အောက်တိုဘာလတွင် ပတ္တနိက္ကုဇ္ဇန ကံဆောင်ခဲ့သော သံဃာတော် များကို ရဲဘက်စခန်းများသို့ ပို့ဆောင်၍ အလုပ်ကြမ်းများ ခိုင်းစေခဲ့ခြင်းကြောင့် သံဃာတော် ၁၉ ပါးမှာ အလုပ်ကြမ်းဒဏ် မခံနိုင်၍ ထိုနေရာများတွင်ပင် ပျံလွန်တော်မူခဲ့ရသည်” ဟု ဖော်ပြထားသည်။
အေအေပီပီ အတွင်းရေးမှူး ဦးတိတ်နိုင်က “ပြည်ထဲရေးဝန်ကြီးရဲ့အမိန့်နဲ့ ရဲဘက်စခန်းကိုပို့လိုက်တာဟာ ဘာသာရေးအရ နှိပ်ကွပ်မှုတခုဖြစ်တဲ့အပြင် ဒီကျောင်းသားလူငယ်တွေရဲ့ အသက်အန္တရာယ် စိုးရိမ်ရတဲ့အနေအထားမှာ ရှိနေပါတယ်” ဟု ပြောသည်။
ရွှေဝါရောင် တော်လှန်ရေးနောက်ပိုင်း စစ်အစိုးရက ဘာသာရေးဖိနှိပ်မှုများကို အလွန်အကျွံလုပ်လာသည်ကို တွေ့ရသည်ဟု လည်း ဦးတိတ်နိုင်က ပြောသည်။
လွန်ခဲ့သည့် ၂ ပတ်ခန့်က မန္တလေးဘူတာတွင် နာဂစ်မုန်တိုင်းကယ်ဆယ်ရေး သွားရောက်လုပ်ကိုင်မည့်သံဃာတော် ၉ ပါးကို အာဏာပိုင်တို့က ဖမ်းဆီးလိုက်ပြီး ၎င်းတို့အား ယမန်နေ့က ရုံးထုတ်သည်ဟု ကြားသိရသည်။“၁၉၈၈ ခု အရေးအခင်းကာလတုန်းက ရန်ကုန်ဆေးရုံကြီးကို ဖမ်းလာတဲ့ မွတ်စလင်တွေ ရှိခဲ့ဖူးတယ်။ အဲဒီအထဲက တချို့ ဆိုရင် လုံးဝပျောက်သွားတဲ့ အဆင့်အထိ ရှိတယ်” ဟုလည်း ဦးတိတ်နိုင်က ပြောသည်။
ကိုသက် ဇူလိုင် ၂၅၊ ၂၀၀၈/ဧရာဝတီ

မုန်တိုင်း ကယ်ဆယ်ရေးတွင် ဂီတအနုပညာရှင်များလည်း ပါဝင်

ဂီတအနုပညာရှင်များ
ဆုန်သင်းပါရ် ၊ ခင်မောင်တိုး ၊ ဝေထွန်း

ကိုစိုး ဇူလိုင် ၂၅၊ ၂၀၀၈/ဧရာဝတီ




နာဂစ် မုန်တိုင်း ဒုက္ခသည်များအတွက် လှူဒါန်းရန် ရည်ရွယ်ပြီး မြန်မာပြည်တွင်းရှိ နာမည်ကျော် ဂီတအနုပညာ ရှင်များက တေးစီးရီး သီဆို ထုတ်လုပ်ရန် စီစဉ်နေကြကြောင်း သိရသည်။
သီချင်းအများစု အသံသွင်းပြီးနေပြီဖြစ်သော အဆိုတော်ပေါင်း၂၀ ကျော် ပါဝင်သီဆိုထားသည့် အဆိုပါ တေးစီးရီး ထုတ်လုပ် ရောင်းချရာမှ ရရှိလာမည့် ငွေများ အားလုံးကို လေဘေးဒုက္ခသည်များသို့ တိုက်ရိုက် လှူဒါန်းသွားမည် ဖြစ်ကြောင်း စီစဉ်သူ ကိုဝေထွန်း (နဝရတ် စတူဒီယို) က ပြောပြသည်။
“အရင်လထဲက စပြီး အသံသွင်းနေတာပါ၊ အခုအထိ ဆိုတာ တီးတာတွေ အတော်ပြီးနေပါပြီ၊ ၂ ပုဒ်လောက်ပဲ ကျန်မယ်၊ အင်ပါယာ ၀ိုင်းက နည်းနည်းကျန်တယ်၊ ဒါပါပဲ၊ ဗီစီဒီ ရိုက်ကူးရေးအတွက်တော့ ကျန်သေးတယ်၊ အဲဒါတွေ ပြီးမှ စိစစ်ရေး တင်၊ ကျမှ ဖြန့်ချိရမှာဆိုတော့ ဖြန့်ချိဖို့တော့ နည်းနည်းလိုဦးမယ်၊ အဲဒီအခွေက ရရှိလာ မယ့် ငွေတွေ ကို အကုန်လှူကြမှာပါ၊ ဒုက္ခသည်တွေကို တိုက်ရိုက်လှူမှာပါ၊ ဒါပေမယ့် ပိုက်ဆံ ရမှပဲ အဆိုတော် တွေနဲ့တိုင်ပင်ပြီး သူတို့ ဘာလုပ်စေချင်လဲဆိုတာ၊ သူတို့ ဆန္ဒရှိတဲ့အပေါ်မှာ လုပ်ရမှာပါ”ဟု ကိုဝေထွန်း က ဧရာဝတီသို့ ပြောသည်။
ယင်းတေးစီးရီးတွင် ချစ်ကောင်း၊ ရင်ဂို၊ ထူးအယ်လ်လင်း၊ ဂရေဟန်၊ စည်သူလွင်၊ ဆောင်းဦးလှိုင်၊ နွဲ့ယဉ်ဝင်း၊ မေခလာ၊ ဟေမာနေဝင်း၊ ကော်နီ၊ လေးလေးဝါး၊ ကဗျာဘွဲ့မှူး၊ ချောစုခင်၊ မီးမီးခဲ၊ ဆုန်သင်းပါရ်၊ ရှင်ဘုန်း၊ခင်ဘုန်း၊ သံသာဝင်း၊ ဇန်နူး၊ မို့မို့ဇော်ဝင်း၊ အားမူ စသည့် ပရိသတ် နှစ်သက်မည့် အဆိုတော်ပေါင်း ၂၄ ဦးခန့် ပါဝင်ကြောင်း၊ အင်ပါယာ၊ ဥက္ကာ+၃ ၊ စပက်ထရန် တီးဝိုင်းများဖြင့် န၀တ်စတူဒီယိုတွင် အသံသွင်းယူနေခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောပြသည်။
“အင်ပါယာ၊ ဥက္ကာ + ၃ နဲ့ စပက်ထရန် ၀ိုင်းတွေက တီးပေးတယ်၊ သီချင်းတွေက ကိုယ်ပိုင် သံစဉ်ရော၊ ကော်ပီ ရောပါပဲ၊ ကျနော့်ကို အတင်းဝင်တီးခိုင်းကြလို့ တပုဒ် ဝင်တီးပေးထားတယ်၊ အသံသွင်းတာကတော့ ကျနော့် စတူဒီယို မှာပါပဲ”ဟု ကိုဝေထွန်းက ဆက်ပြောသည်။
အဆိုတော် ဆုန်သင်းပါရ်ကလည်း ယခုတေးစီးရီးသည် လေဘေးဒုက္ခသည်များကို လှူဒါန်းမည့် မွန်မြတ်သော အစီအစဉ် ဖြစ်သောကြောင့် အကျိုးခံစားခွင့်များကိုလှူဒါန်းရန် ကိုယ်တိုင်လိုလားစွာပါဝင် သီဆိုလိုခြင်းဖြစ်ကြောင်း ပြောဆိုသည်။
“သီချင်းတော့ မပေးရသေးဘူး၊ ဆိုတော့ဆိုမှာပါ၊ ကောင်းတဲ့ကိစ္စ ဆိုတော့ ကိုယ်လည်း ပါချင်တာပေါ့”ဟု ဆုန်သင်းပါရ်က ပြောသည်။
ကိုဝေထွန်းက ဆက်လက်၍ ယခုအစီအစဉ်ကို ၎င်းအနေနှင့် စတင်လုပ်ဆောင်ဖြစ်ခြင်းမှာ မြစ်ဝကျွန်းပေါ် ဖျာပုံဘက်သို့ လေဘေး ကူညီရေး သွားရောက်လုပ်ကိုင်နေသည်ကို အဆိုတော်များက သိရှိပြီး ကူညီလိုကြရာမှ အကောင်အထည်ပေါ် လာခြင်းဖြစ်သည်ဟုလည်း ပြောပြသည်။
“ဘယ်လို စလုပ်ဖြစ်တာလဲ ဆိုတော့ ကျနော် ဖျာပုံဘက်ကို သွားပြီး ဒုက္ခသည်တွေ ပြန်လည်တည်ဆောက်ရေးတွေ လုပ်ပါ တယ်၊ ထူထောင်ရေး အပိုင်းတွေ ကိုင်ပေးနေပါတယ်၊ ကျနော်တို့ ခရစ်ယာန်အသင်းကနေ စာသင် ကျောင်းတွေ လှူပါတယ်၊ အဲဒီမှာ ကျနော် ကူညီပြီး လုပ်ပေးနေပါတယ်၊ လုပ်ပေးနေတဲ့အခါမှာ လိုအပ်တာလေး တွေ ထိရောက်အောင်ပေါ့၊ သူတို့တွေ က ပါဝင်ချင်တယ်၊ အားလုံးကလည်း လုပ်ပေးချင်ကြတယ်၊ အဆိုတော် တွေက ကူညီချင်တာနဲ့ ကျနော်က အခွေလေးသွင်း ပါလား ဆိုပြီးတော့ ကျနော်က စပွန်ဆာ လုပ်ပေးတာပါ”ဟု ၎င်းက ပြောဆိုသည်။
အလားတူ အဆိုတော် ခင်မောင်တိုးကလည်း လေဘေးသင့် ဒုက္ခသည်များကို ပေးလှူရန်ရည်ရွယ်၍ ၎င်း ကိုယ်တိုင် သီဆို မည့် တေးစီးရီးတခွေ ထုတ်လုပ်ရန် စီစဉ်နေကြောင်း ဇနီး ဖြစ်သူက ပြောသည်။
“အဲဒီ အခွေက သီချင်းနည်းနည်းပါးပါးတော့ စုပြီးနေပြီ၊ ခရီးအသွားအလာတွေ နည်းနည်းရှိနေတာနဲ့ အသံသွင်းတာတော့ မစရ သေးပါဘူး၊ အတီးသမားတွေကလည်း အလုပ်နည်းနည်းများနေသေးလို့၊ နာမည်တွေ ဘာတွေလည်း မရွေးရသေး ပါဘူး၊ သီချင်း အဟောင်းထဲကတော့ ကရုဏာ သီချင်းတို့ဘာတို့ကို ရွေးတော့ ရွေးထားပြီး ပါပြီ၊ သီချင်းက အဟောင်းရော အသစ်ရော ပါမှာပါ၊ ကိုယ်ပိုင် သံစဉ်တွေပါပဲ၊ အကုန်လုံးတော့ တိုင်ပင်ထားပြီးပါပြီ၊ တေးရေးတွေက ကိုနိုင်မင်း၊ ကိုအီးချိုနဲ့ အရင်ရေးနေကြ လူတွေပါပဲ”ဟု ၎င်းက ပြောပြသည်။
အဆိုတော် ခင်မောင်တိုးသည် အာဇာနည်၊ မေခလာ၊ ကိုမြတ်မင်း တို့နှင့်အတူ ဂျပန်နိုင်ငံတွင် စင်မြင့် ဖျော်ဖြေပွဲ သီဆိုရန် ယမန်နေ့က ထွက်ခွာသွားကြောင်းလည်း သိရသည်။
“မေခလာ၊ အာဇာနည်နဲ့ ကိုတိုးနဲ့ သုံးယောက်ပါ၊ တီးတာကတော့ ကိုမြတ်မင်း တယောက်ပဲပါတယ်၊ နာဂစ် ရန်ပုံ ငွေပွဲလို့ တော့ ပြောတယ်၊ တပတ် ၁၀ ရက်လောက် ကြာမယ်ဆိုတော့ အဲဒီက ပြန်လာမှပဲ အခု အခွေကို ဆက်လုပ်ရမှာပါ”ဟု အဆိုတော် ခင်မောင်တိုး၏ ဇနီး က ဆိုသည်။အဆိုတော် ခင်မောင်တိုးသည် သီချင်းအဟောင်းများထဲက မထွက်ဘူးသေးသော Live Show အခွေ တခွေကို စိုးသက်အောင် တေးစီးရီးထုတ်လုပ်ရေးနှင့် ရိုက်ကူး စီစဉ်နေကြောင်းလည်း သိရှိရသည်။

နိုင်ငံခြားမြန်မာသံရုံးတွေက လစဉ် ဒေါ်လာ သိန်းဆယ်ဂဏန်းအထက်ရှာပေး

တကမ္ဘာလုံးရှိ မြန်မာသံရုံးအသီးသီးမှ လစဉ် နိုင်ငံခြားငွေ ဒေါ်လာ သိန်း (၂၀) ကျော် ရှာပေးနေ သည့်တိုင် စစ်ဗိုလ်သံအမတ်ကြီးများသာ ထိုငွေထဲမှ အကျိုးအမြတ်ရပြီး အရပ်ဘက်သံတမန် အများစုမှာ မလောက်မင သုံးစွဲနေရသည်ဟု သံတမန်အသိုင်းအ၀ိုင်းက ပြောသည်။
ဝင်ငွေရှာပေးနိုင်သည့် နိုင်ငံခြား မြန်မာသံရုံးကြီးတခုမှ အနည်းဆုံး ဒေါ်လာ (၁) သိန်း အထက် ရှာပေးနိုင်သော်လည်း ထိုငွေများ စစ်အစိုးရ၏ မည်သည့်ငွေစာရင်း ခေါင်းစဉ်အောက်မှာ ရောက် သွားသည်ကို မသိရသဖြင့် ၀န်ထမ်းများ မကျေမနပ် ဖြစ်သည်ဟု စုံစမ်းသိရသည်။

သို့သော် သံရုံးဝန်ထမ်းများအတွက် လစာစရိတ်မှာ လစဉ် ဒေါ်လာ(၅) သောင်းအောက်မှာသာရပြီး သံရုံးဝန်ထမ်းအများစု၏ လူမှုရေးအသုံးစရိတ်ကိုမူ စစ်အစိုးရက ဥပေက္ခာပြုထားသည်ဟု နေပြည်တော် သံတမန်တဦးက ပြောသည်။ အချို့ အရပ်ဘက် အကြီးတန်း သံတမန်များဆိုလျှင် ရသည့်ဒေါ်လာ ပြန်ရောင်းပြီး စရိတ်ကာမိအောင် လုပ်ရသည်ဟုပါ ဆက်ပြောသည်။
ကုမ္ပဏီများပေးသွင်းငွေ၊ တိုးရစ်ဗီဇာမှ ရငွေ၊ ပတ်စ်ပို့ သက်တမ်းတိုးငွေ စသည့်ဝင်ငွေ အများဆုံး ရှာပေးနိုင်သည့် သရုံးများမှာ ဂျပန်မြန်မာသံရုံး၊ ဂျာမနီမြန်မာသံရုံး၊ စင်ကာပူ မြန်မာသံရုံး၊ ကိုရီးယား မြန်မာသရုံး၊ ထိုင်းမြန်မာသရုံး၊ မလေးရှား မြန်မာသံရုံးစသည့် သံရုံးကြီးများ ဖြစ်သည်ဟု စုံစမ်း သိရသည်။
ဝင်ငွေရှားပေးနိုင်သည့် နိုင်ငံခြား မြန်မာသံရုံး စစ်ဗိုလ်သံအမတ်ကြီး အတော်များများဆိုလျှင် သံရုံး ၀င်ငွေအားလုံးကို စစ်အစိုးရလက်သို့ အပ်လေ့မရှိဘဲ ငွေစာရင်းကိုင်နှင့်ပေါင်း၍ အလွဲသုံးစား လုပ်သည်က များသည်ဟု သံရုံးဝန်ထမ်းတဦးက ပြောသည်။
နိုင်ငံခြား မြန်မာသံရုံးအသီးသီးတွင် လခြုံရေးအစောင့်၊ ယာဉ်မောင်း၊ ဧည်ကြိုစာရေး စသည့် ရာထူးများကို ဒေသခံများ၊ ၀န်ထမ်းများ ငှားရမ်းခန့်ထားလေ့ရှိရာ ထိုဝန်ထမ်းများနှင့် သံရုံး အရာရှိအချို့ပေါင်းပြီး အဂတိလိုက်စားမှုမျိုးစုံ လုပ်သည်များလည်းရှိသည်ဟု နေပြည်တော် သတင်းရပ်ကွက်က ပြောသည်။
ထိုင်းနိုင်ငံ ဘန်ကောက် လုံခြုံရေးဝန်ထမ်းတဦးဆိုလျှင် မြန်မာသံမန်အရာရှိများနှင့် တွေ့လိုသူများ ထံမှ ငွေတောာင်းခဲ့သည့် သာဓကများရှိသည်ဟု ပေးကမ်းဖူးသူအချို့က ပြောသည်။ ထိုဒေသခံ ၀န်ထမ်းများနှင့် သံရုံးဝန်ထမ်းများကြား ပြဿနာမျိုးစုံမဖြစ်သည့် မြန်မာသံရုံး အတော်ရှားသည်ဟု ပါ စုံစမ်းသိရသည်။
NEJ/ ၂၅ ဇူလိုင် ၂၀၀၈

မြန်မာကိစ္စ လုံခြုံရေးကောင်စီမှာ သဘောထားကွဲ

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးမှတ်တမ်း တိုးတက်ကောင်းမွန်လာစေရေး၊ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးတို့နှင့် ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီအတွင်း၌ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေသည့်ပြင် မစ္စတာဂမ်ဘာရီ၏ ခရီးစဉ်မှ ခိုင်မာသည့်ရလဒ် ထွက်ပေါ်ရန် အမေရိကန်က ဖိအားပေးနေသည်။
ကုလအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင် ဂမ်ဘာရီ မြန်မာနိုင်ငံသို့ မကြာမီသွားရောက်ရန် ပြင်ဆင်နေစဉ် အဖွဲ့ဝင် (၁၅) နိုင်ငံ ပါဝင်သော လုံခြုံရေးကောင်စီက နိုင်ငံရေးပြောင်းလဲမှုများ ပြုလုပ်ရန် မြန်မာစစ်အစိုးရအပေါ် ဖိအားပေးရန် ပြန်လည်အာရုံစိုက်လာ ခြင်းဖြစ်သည်။
မစ္စတာဂမ်ဘာရီ၏ လာမည့်လ မြန်မာခရီးစဉ်မှ “ခိုင်မာသည့် ရလဒ်” တခု လိုလားကြောင်း၊ သို့မ ဟုတ်ပါက စစ်အစိုးရအနေဖြင့် “ပိုမိုပြင်းထန်သော ဖိအားပေးမှု” ကို ရင်ဆိုင်ရဖွယ်ရှိသည်ဟု အမေရိကန်အစိုးရက ပြောသည်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် ဇာမေး ခါလီဇဒ်က “စစ်အစိုးရကို ကျနော်အသိပေးလို တာကတော့ မစ္စတာဂမ်ဘာရီရဲ့ခရီးစဉ်ကို အခွင့်ကောင်းတခုအဖြစ် အရယူပါ။ စာမျက်နှာအသစ် တခုကို ဖွင့်လိုက်ပါ။ ဒါမှမဟုတ်ရင်တော့ ပိုပြီးဖိအားပေးခံရ မယ်ဆိုတာပါပဲ” ဟု သတင်းထောက် များကို ပြောသည်။
မစ္စတာဂမ်ဘာရီ၏ ခရီးစဉ်အောင်မြင်မှုအတွက် နိုင်ငံရေးလုပ်ငန်းစဉ်များအပေါ် မြန်မာစစ်အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှု၊ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးပြောင်းလဲမှုနှင့် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးမှုတို့ လိုအပ်ကြောင်း ၎င်းက ပြောသည်။
ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ် ဂျွန်ဆ၀ါးက မြန်မာနိုင်ငံအပေါ် ဖိအားပေးမည့် အတိုင်းအတာ ကို သဘောတူရန် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများအကြား အခက်အခဲများ ရှိနေသည်ကို အသိ မှတ်ပြုသော်လည်း လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာများအပေါ် ဆက်လက်အာရုံစိုက်သင့်ကြောင်း ပြောသည်။
မစ္စတာဂျွန်ဆ၀ါးက “မြန်မာစစ်အစိုးရက နိုင်ငံတကာရဲ့တောင်းဆိုချက်တွေကို တုံ့ပြန်တာ မရှိတဲ့ အတွက် ကျနော်တို့မှာ အကျပ်အတည်းဖြစ်နေတဲ့ အနေအထားရှိပါတယ်။ ပြီးခဲ့တဲ့ ခြောက်လ လောက်ကဆို မြန်မာနိုင်ငံဟာ ဟိုးအရင်တုန်းက အနေအထား ပြန်ရောက်သွားတာပဲ” ဟု သတင်းထောက်များကို ပြောသည်။
သို့သော် ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ် ၀န်ဂွမ်ကျားကမူ မြန်မာနိုင်ငံအရေးသည် လုံခြုံရေး ကောင်စီ၏ အရေးယူမှု မလိုအပ်ပဲ စိတ်ရှည်သည်းခံရန်သာ လိုအပ်သည်ဟုပြောသည်။ ကုလ သမဂ္ဂဆိုင်ရာ ဗီယင်နမ်အမတ် လီလောင်မင်းကမူ မြန်မာ့ပြဿနာသည် ကျယ်ပြန့်သဖြင့် ဖြစ်ပေါ် လာမည့် မည်သည့်ဖြေရှင်းချက်မဆိုလည်း ကျယ်ပြန့်ရမည်ဟု ပြောသည်။
မစ္စတာဂမ်ဘာရီ ခရီးစဉ်ကိစ္စနှင့် ပတ်သက်၍ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်း ကလည်း လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် (၅) နိုင်ငံအပါအ၀င် မြန်မာ့မိတ်ဆွေနိုင်ငံများအစု ဖြစ်သည့် အိန္ဒိယ၊ ထိုင်း၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ ဂျပန်တို့နှင့် ဆွေးနွေးခဲ့ပြီးနောက် မစ္စတာဂမ်ဘာရီ၏ ခရီးစဉ်သည် “နိုင်ငံတကာ၏ စိုးရိမ်ပူပန်မှုများနှင့် ကိုက်ညီနိုင်သော တိုးတက် မှုတစုံတရာ ဖော်ဆောင်ပေးရန်” လိုအပ်သည်ဟု ထုတ်ပြန်ခဲ့သည်။
မစ္စတာဂမ်ဘာရီ၏ လာမည့်လ မြန်မာခရီးစဉ်သည် တတိယအကြိမ်မြောက်ဖြစ်ပြီး ဒုတိယအကြိမ် ခရီးစဉ်အတွင်း မြန်မာထိပ်တန်းစစ်ခေါင်းဆောင်များနှင့် တွေ့ဆုံခွင့်မရသဖြင့် သိသာသည့် အောင်မြင်မှု မရရှိခဲ့ကြောင်း ၎င်းက ထုတ်ဖော်ခဲ့သည်။
Agencies/ ၂၅ ဇူလိုင် ၂၀၀၈

မစ္စတာဂမ်ဘာရီ ခရီးစဉ်ကို အခွင့်အလမ်းတရပ်အဖြစ် အသုံးပြုရန် မြန်မာအစိုးရကို အမေရိကန်တိုက်တွန်း

25 July 2008/VOA
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဂမ်ဘာရီ(Mr. Gambari) ရဲ့ မြန်မာနိုင်ငံခရီးစဉ်ကို အခွင့်အလမ်းတရပ်အနေနဲ့ အသုံးပြုပြီး နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်ဖို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးက မြန်မာစစ်အစိုးရကိုတိုက်တွန်းသွားပါတယ်။ အပြည့်အစုံကိုကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
မနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာမြန်မာ့အရေး ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ပြီးတဲ့နောက် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဇာမေးလ် ခါလီဇတ်(Zalmay Khalilzad) က အခုလို ပြောသွားခဲ့တာပါ။
"မြန်မာစစ်အစိုးရအနေနဲ့ မစ္စတာဂမ်ဘာရီရဲ့ ဒီခရီးစဉ်ကို အခွင့်အလမ်းတရပ်အနေနဲ့အသုံးပြုဖို့ ပြောလိုပါတယ်။ အချိန်သတ်မှတ်မှုထားရှိတဲ့ ညှိနှိုင်းဆွေးနွေးပွဲတွေလုပ်၊ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပြီး ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ စာမျက်နှာသစ်တရပ် ဖွင့်မလား၊ ပိုပြီးပြင်းထန်တဲ့ နိုင်ငံတကာဖိအားတွေကို ရင်ဆိုင်မလား မေးခွန်းထုတ်ချင်ပါတယ်။ ဘယ်ဟာကို ရွေးမလဲဆိုတာသူတို့အပေါ်တည်ပါတယ်။"
မနေ့ကလုပ်တဲ့ လုံခြုံရေးကောင်စီ မြန်မာ့အရေး ဆွေးနွေးပွဲမှာတော့ ပြီးခဲ့တဲ့ဆိုင်ကလုံးမုန်တိုင်း နောက်ဆက်တွဲ နိုင်ငံတကာ လူသားချင်းစာနာကူညီရေး ကိစ္စတွေကို အတော်လေး အလေးပေးပြောဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စု အနေနဲ့ကတော့ နိုင်ငံရေးအရ မတူကွဲပြားမှုတွေကို အသာဘေးဖယ်ထားပြီး လူသားချင်းစာနာမှုကိစ္စကို အလေးပေးခဲ့တယ်လို့ သံအမတ်ကြီးက သတင်းထောက်တွေကို ပြောပါတယ်။
"ဒီကိစ္စမှာ ကျနော်တို့အနေနဲ့ ဒီထက်ကို ပိုပြီး အကူအညီတွေပေးနိုင်ဖို့ ခွင့်ပြုချက်မရတာကိုပဲ ၀မ်းနည်းမိပါတယ်။ အမေရိကန်နဲ့ အခြားနိုင်ငံတွေအနေနဲ့က အဲဒီကလေဘေးဒုက္ခသည် ပြည်သူတွေအတွက် သူတို့လိုအပ်ချက်တွေကို ဒီထက်ပိုပြီး အကူအညီ ပေးလိုကြပါတယ်။ အခုလို အရေးတကြီး လူသားတွေအတွက် လိုအပ်ချက်တွေရှိနေချိန်မှာ ကျနော်တို့အနေနဲ့ နိုင်ငံရေးအရ မတူကွဲပြားတာတွေကို အသာထားပြီးလူသားချင်းစာနာရေး လုပ်ငန်းတွေကိုပဲ အမြဲ ဖြေရှင်းဆောင်ရွက်ပါတယ်။"
အခုလို ကပ်ဘေးဆိုးကြောင့် ဒုက္ခရောက်တဲ့ ပြည်သူတွေအတွက် အကူအညီပေးရေးကိစ္စတွေကို ဆက်ပြီးလုပ်သွားရမှာ ဖြစ်ပေမယ့်လို့ နိုင်ငံရေးအခြေအနေတွေကိုလည်းပြန်လှည့်စဉ်းစားဖို့ အချိန်ရောက်လာပြီလို့လည်း အမေရိကန်သံအမတ်ကြီးကပြောသွားပါတယ်။ အခု မစ္စတာဂမ်ဘာရီရဲ့ ခရီးစဉ်အတွင်း တစုံတရာ ရလဒ်ထွက်လာဖို့မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။
"မစ္စတာဂမ်ဘာရီရဲ့ အခု သြဂုတ်လခရီးစဉ်ကနေ အခိုင်အမာရလဒ်တွေရဖို့ ကျနော်တို့မျှော်လင့်ထားတယ်လို့ မစ္စတာဂမ်ဘာရီကို ပြောထားပါတယ်။ အခုလာမယ့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင်မှာ အချိန်ကာလသတ်မှတ်ထားတဲ့ ညှိနှိုင်းဆွေးနွေးမှုတွေနဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုတရပ် ဖြစ်လာဖို့ မစ္စတာဂမ်ဘာရီအနေနဲ့ သဘောတူညီချက်တရပ် အောင်အောင်မြင်မြင် ယူလာနိုင်မယ်လို့ ယူဆထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာဖို့ လိုပါတယ်။"
အကယ်၍သာ အခုလို မြန်မာအစိုးရဘက်ကနေ မစ္စတာဂမ်ဘာရီနဲ့ ပူးပေါင်းဆောင်ရွက်ပြီး တိုးတက်မှုတွေ ရလာမယ်ဆိုရင်တော့ နိုင်ငံတကာဘက်ကလည်း အပြုသဘောတုံ့ပြန်မှာပါလို့ အမေရိကန်သံအမတ်ကြီး ဇာမေးလ် ခါလီဇတ်က ပြောပါတယ်။ဒါပေမယ့်လို့ အတိုက်အခံနဲ့ အစိုးရအကြား ညှိနှိုင်းဆွေးနွေးမှုတွေ ဖြစ်မလာဘူး၊တိုးတက်မှုတွေ ရှိမလာဘူးဆိုရင်တော့ အခြားနည်းလမ်းတွေနဲ့ ဖိအားပေးတာတွေကိုစဉ်းစားရမယ်လို့လည်း သံအမတ်ကြီးက သတိပေးခဲ့ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အလှည့်ကျဥက္ကဋ္ဌတာဝန် ယူထားတဲ့ ဗီယက်နမ်နိုင်ငံသံအမတ်ကြီးကလည်း မြန်မာ့အိမ်နီးချင်းနိုင်ငံတွေဟာ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့အနီးကပ်ကို စောင့်ကြည့်အကဲခတ်နေတယ်လို့ ပြောသွားပါတယ်။
"မြန်မာ့အိမ်နီးချင်းနိုင်ငံ၊ အာဆီယံဒေသအဖွဲ့ဝင် နိုင်ငံအနေနဲ့၊ ဗီယက်နမ်နိုင်ငံဟာမြန်မာနိုင်ငံအခြေအနေကို အနီးကပ်ကို စောင့်ကြည့်နေပါတယ်။ ဗီယက်နမ်နဲ့ အခြားအိမ်နီးချင်းနိုင်ငံတွေဟာ မြန်မာနိုင်ငံ တည်ငြိမ်ရေးကို လိုလားပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် မြန်မာ၊ အာဆီယံနဲ့ ကုလသမဂ္ဂတို့အကြား ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ တိုးတက်အောင်မြင်မှုတွေ ရခဲ့ပါတယ်။ ဒီလိုဆောင်ရွက်မှုတွေကြောင့် အခုဆိုရင် အဲဒီဒေသတွေမှာ ငတ်မွတ်မှုပြဿနာ၊ ရောဂါပြန့်ပွားမှု ပြဿနာမျိုးတွေ မကြုံရပါဘူး။ ဒါကြောင့် ဒီလို ပူးပေါင်းဆောင်ရွက်မှုမျိုးတွေကပဲ မြန်မာအစိုးရနဲ့မြန်မာပြည်သူတွေ ကြုံနေရတဲ့ အကျပ်အတည်းတွေကို ကျော်လွှားနိုင်စေလိမ့်မယ်လို့ယုံကြည်ပါတယ်။"လုံခြုံရေးကောင်စီဥက္ကဋ္ဌ ဗီယက်နမ်နိုင်ငံကတော့ အာဆီယံရဲ့ မူအတိုင်းပဲ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ နိုင်ငံတကာအနေနဲ့လည်း မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကိုပဲလိုလားတယ်လို့ ဆိုပါတယ်။ မနေ့က လုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးကတော့ မြန်မာနဲ့ပတ်သက်လို့ အခြားလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောထား၊သူတို့ဆီကနေ မြန်မာအစိုးရကိုပြောလိုတဲ့ သတင်းစကား စတာတွေကို မစ္စတာဂမ်ဘာရီနဲ့ အကြုံပါးလိုတဲ့သဘောနဲ့ ညှိနှိုင်းဆွေးနွေးပွဲသဘောသာ ဖြစ်ပါတယ်။ ဒီကနေမှမစ္စတာဂမ်ဘာရီအပြန် လုံခြုံရေးကောင်စီမှာ နောက်တကြိမ်ဆွေးနွေးကြမယ်လို့လည်းသိရပါတယ်။

အမေရိကန်က အာစီယံနိုင်ငံများကို စစ်အစိုးရအား ဖိအားပေးရန်ပြောဆို

ဉာဏ်မောင်။ ဇူလိုင် ၂၄၊ ၂၀၀၈


မြန်မာပြည်ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတိုးတက်ရေးအတွက် အရှေ့တောင်အာရှနိုင်ငံများမှ မြန်မာစစ်အစိုးရအား ဖိအားပေးတိုက်တွန်းရန် အမေရိကန်နိုင်ငံက တောင်းဆိုလိုက်သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်က ယမန်နေ့ အာစီယံနိုင်ငံခြားရေးဝန်ကြီး များ အစည်းဝေးအပြီးတွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။
အာစီယံနိုင်ငံများအနေဖြင့် မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးလွှတ်ပေးရန်အတွက် စစ်ဗိုလ်ချုပ်ကြီးများကို ဖိအားပေးပြောဆိုရန် အထူးလိုအပ်ကြောင်း ဒေါက်တာရိုက်စ်က ပြောဆိုခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သက်တမ်းတိုးမြှင့်လိုက်ခြင်းအပေါ် အလွန်စိတ်ပျက်မိကြောင်း တနင်္ဂနွေနေ့ကထုတ်ပြန်သည့် အာစီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အရေးနှင့်ပတ်သက်၍ အာစီယံအဖွဲ့က ပြောဆိုလိုက်ခြင်း သည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သံတမန်အသိုင်းဝိုင်းက ဆိုသည်။
ဒေါက်တာရိုက်စ်က အာစီယံသည် အဖွဲ့ဝင်နိုင်ငံများကြားတွင် ပိုမိုခိုင်မာတောင့်တင်းသော ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်ရေးအတွက် အကောင်းဆုံးနည်းလမ်းများဖြစ်သည်ဟု ဆက်လက် ပြောဆိုခဲ့သည်။
ယခုလ (၂၂) ရက်နေ့တွင် စတင်ပြုလုပ်သည့် အာစီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် ကိုယ်စားလှယ်အဖွဲ့များတက်ရောက်ခဲ့ပြီး အာစီယံ ချာတွင် လက်မှတ်ရေးထိုးမှုများ ပြုလုပ်ခဲ့သည်။
yoma3

အာဆီယံပေါ် ကွန်ဒိုလီဇာရိုက်စ်၏ တိုက်တွန်းချက်အား မြန်မာအတိုက်အခံများ ကြိုဆို


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်က အာဆီယံ အနေနှင့် မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် ပိုမို လုပ်ဆောင်သင့်ကြောင်း ပြောဆိုမှုကို မြန်မာ့ဒီမိုကရေစီ အင်းအားစုများက ကြိုဆိုလိုက်သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး
စင်ကာပူနိုင်ငံတွင် လတ်တလောကျင်းပလျက်ရှိသည့် အာဆီယံဒေသတွင်း လုံခြုံရေးအစည်းအဝေး၌ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအား အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်က ပြောဆိုခြင်းဖြစ်သည်။
အန်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက “ကွန်ဒိုလီဇာရိုက် (စ်) ပြောတာကတော့ ကျနော်တို့ အတိုက်အခံပါတီ၊ ဒီမိုကရေစီလှုပ်ရှားသူတွေ အားလုံးလိုချင်တဲ့ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်တဲ့စကားတွေလို့ မြင်ပါတယ်” ဟု ပြောသည်။

အမေရိကန်နိုင်ငံ၏ တိုက်တွန်းချက်များနှင့်ပတ်သက်၍ အာဆီယံအဖွဲ့က မူလကချမှတ်ထားသည့် မူဝါဒများကို ပြုပြင်ပြောင်းလဲသည့်သဘောထား ပေါ်ပေါက်လာနိုင်မည်ဟု မျှော်လင့်ရကြောင်း ဦးဉာဏ်ဝင်းက ဆက်ပြောသည်။
၈၈ မျိုးဆက် ကျောင်းသားအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုထွန်းမြင့်အောင်က “အမေရိကန်က နိုင်ငံတခုချင်းအနေနဲ့ကော လုံခြုံရေးကောင်စီ၊ အာရှနိုင်ငံများ အနေနဲ့ပါ နည်းလမ်းအမျိုးစုံနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီထွန်းကားရေးနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး၊ လူ့အခွင့်အရေးတွေအတွက် တလျှောက် လုံးလုပ်လာခဲ့တဲ့အတွက် ၀မ်းသာအားရဖြစ်မိပါတယ်၊ ကျေးဇူးတင်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
မြန်မာ့နိုင်ငံရေး အပြောင်းအလဲနှင့် ပတ်သက်၍ နိုင်ငံတကာအသိုင်းအ၀န်းက အာဆီယံအဖွဲ့ကို ဖိအားပေးမှုများရှိခဲ့ သော်လည်း ၎င်းအဖွဲ့က လက်တွေ့ကျသည့် အစီအစဉ်များကို လုပ်ဆောင်ခြင်းမရှိဟုလည်း ကိုထွန်းမြင့်အောင်က ပြောသည်။
“မြန်မာစစ်အုပ်စုကို ကိုင်တွယ်ရခက်တာကို သူတို့ (အာဆီယံ) သိတယ်၊ မြန်မာဟာ အာဆီယံအဖွဲ့ထဲမှာ အရှုပ်ထုပ်ကြီး ဖြစ်နေတယ်ဆိုတာကိုလည်း သူတို့သိတယ်။ ဒါပေမယ့် ထိရောက်တဲ့ ဖြေရှင်းမှုမျိုးမရှိဘူး။ အာဆီယံနိုင်ငံတွေရဲ့ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးကို တန်းဖိုးထားမှုကိုက လျော့နေတယ်လို့မြင်တယ်။ သူတို့ရဲ့ ကိုယ်ကျိုးစီးပွားတွေအပေါ်မှာ ပိုပြီးအလေး ကဲနေတယ်လို့ ကျနော်မြင်တယ်” ဟု ကိုထွန်းမြင့်အောင်က သုံးသပ်သည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးသည် နိုင်ငံရေး ပြဿနာများ ပြေလည်စေရေးအတွက် အဓိကအချက်တချက်ဖြစ်သောကြောင့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများက ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် မြန်မာစစ်အစိုးရကို ယခုရက်ပိုင်းအတွင်း ထပ်မံတောင်းဆိုထားပြီး မေလအတွင်း က ဒေါ်စုအား အကျယ်ချုပ်သက်တမ်းတနှစ် ထပ်တိုးလိုက်သည့်အပြော လွန်စွာစိတ်ပျက်မိသည်ဟုလည်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဂျော့ယို က ပြောဆိုသည်။
အာဆီယံဒေသတွင်း လုံခြုံရေးအစည်းအဝေးသို့ မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း တက်ရောက်လျက်ရှိပြီး လူ့အခွင့်အရေးကော်မတီ ဖွဲ့စည်းမှုပါဝင်သည့် အာဆီယံ ပဋိညာဉ်စာတမ်းကို စစ်အစိုးရကိုယ်စား ယခုအပတ် တင်္နလာနေ့က လက်မှတ်ရေးထိုးခဲ့သည်။
“အာဆီယံအသိုင်းအ၀န်းမှာ လူအခွင့်အရေးကို လူတိုင်းခံစားဖို့နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံက သဘောတူတာကို ကျနော်တို့ ကျေနပ်ပါတယ်။ လက်မှတ်ထိုးရုံတင်မက တကယ်အကောင်အထည်ဖော်ဖို့က ပိုအရေးကြီးတယ်လို့ မြင်ပါတယ်။ အာဆီယံ အဖွဲ့ကိုလည်း စီးပွားရေးအဖွဲ့အစည်းအပြင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ဦးစားပေး ဆောင်ရွက်တဲ့ အဖွဲ့အစည်းတခု အဖြစ် ဖြစ်ပေါ်စေချင်ပါတယ်” ဟု အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။လွန်ခဲ့သည့် မေလ ၂ ရက်နှင့် ၃ ရက်နေ့ မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်းတိုက်ခိုက်ခဲ့ပြီးနောက် နိုင်ငံတကာအကူအညီများကို နအဖ စစ်အစိုးရက တင်းခံခဲ့ရာ အာဆီယံအဖွဲ့က ကြားဝင်စေ့စပ်ပေးခဲ့သဖြင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ချီးမွမ်းခဲ့သည်။
ကိုသက် ဇူလိုင် ၂၄၊ ၂၀၀၈/The Irrawaddy

ရုပ်ရှင်မင်းသား ကျော်သူ၏ ရုပ်ရှင်ကား ရုံတင်မည်

ရုပ်ရှင်ရိုက်ကူးခွင့် ပိတ်ပင်ခံထားရသည့် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီကျော်သူ ခေါင်းဆောင် ပါဝင်သည့် ရုပ်ရှင်ကား ဇူလိုင် (၂၅) ရက်၌ ရုံတင်မည်ဟု သိရသည်။
အဆိုပါ ဇာတ်ကားသည် အကယ်ဒမီ ကျော်သူနှင့် အကယ်ဒမီ မို့မို့မြင့်အောင်တို့ ခေါင်းဆောင်ပြီး စိုင်းစိုင်းခမ်းလှိုင်၊ သက်မွန်မြင့်တို့ ပါဝင်သည့် ရင်ခုန်နှင်းဆီအမည်ရ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး ဇူလိုင် (၂၅) ရက်နေ့မှစပြီး ရန်ကုန်မြို့ သမ္မတ၊ သွင်နှင့် မင်္ဂလာရုံတို့တွင် ရုံတင်ပြသမည်ဖြစ်သည်။
ရင်ခုန်နှင်းဆီဇာတ်ကားနှင့် ပတ်သက်၍ ကျော်ရုပ်ရှင်ထုတ်လုပ်ရေးမှ အမည်မဖော်လိုသူ တာဝန် ရှိသူတဦးက “ဒီဇာတ်ကား ပြသခွင့်ရဖို့ ရုပ်ရှင်ကော်ပိုရေးရှင်းကို ကျနော်တို့ သီးသန့် အသနားခံစာ တင်ရတယ်။ တင်ပြထားတာ ကြာပြီ၊ ခုမှ သူတို့က ခွင့်ပြုတာ။ ခွင့်ပြုလို့ သတင်းစာမှာ ကြော်ငြာ ထည့်တာတောင် ကိုကျော်သူရဲ့ ပုံကို ဖော်ပြခွင့်မရဘူး။ ရုပ်ရှင်အနေနဲ့ ခွင့်ပြုချက်ရတာ ကျနော်တို့ ပထမဦးဆုံးဖြစ်ပြီး နောက်ထပ် ရုပ်ရှင်တကားလည်း အသနားခံစာ တင်ထားတယ်” ဟုပြောသည်။

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ကိုကျော်သူသည် နာရေးကူညီမှုအသင်း (ရန်ကုန်) ကို ဦးဆောင် လုပ်ကိုင်နေသူဖြစ်ပြီး အခမဲ့ သယ်ဆောင်မီးသဂြုင်္ိဟ်ပေးခြင်း၊ အခမဲ့ ဆေးကုသပေးခြင်းဖြင့် ပြည်သူများကို ကူညီပေးနေခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလ သံဃာများ ဦးဆောင်သည့် ရွှေဝါရောင်တော်လှန်ရေး ကာလ၌ ကိုကျော်သူသည် သရုပ်ဆောင်ဒါရိုက်တာ မောင်သူရခေါ် ဇာဂနာ၊ အခြား အနုပညာရှင်၊ စာရေး ဆရာ၊ ကဗျာဆရာများနှင့် ပူးပေါင်းပြီး သပိတ်မှောက် သံဃာတော်များ၏ ဆွမ်းကွမ်းဝေယျာဝစ္စ ကိစ္စများ ဆောင်ရွက်ပေးခဲ့သည်။
နအဖစစ်အစိုးရက သံဃာတော်များ ဦးဆောင်သည့် သပိတ်မှောက်ကံဆောင်မှုကို နှိမ်နင်းစဉ် ကိုကျော်သူနှင့်ဇနီးကိုပါ ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ နောက်ပိုင်း ကိုကျော်သူတို့ ဇနီးမောင်နှံကို ပြန်လွှတ်ပေးခဲ့သော်လည်း ရုပ်ရှင်၊ ဗီဒီယို ရိုက်ကူးခွင့်အပါအ၀င်၊ စာပေအနုပညာ အလုပ်လုပ်ခွင့် များကို ပိတ်ပင်ခဲ့ရုံမက ဂျာနယ်၊ မဂ္ဂဇင်းများတွင်လည်း နာမည်ကိုပင် ဖော်ပြခွင့် မပြုခဲ့ပေ။
ထိုသို့ တားမြစ်လိုက်ချိန်က ကိုကျော်သူအနေဖြင့် ရိုက်ကူးပြီး၊ ရိုက်လက်စ ဗီဒီယို ကားပေါင်း (၆၀) ကျော်နှင့် ရုပ်ရှင်ဇာတ်ကားကြီး (၂) ကားကိုပါ ပြသခွင့် ပိတ်ပင်ခံခဲ့ရသည်။ နောက်ပိုင်း ဗီဒီယိုနှင့် ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်သူများက ၎င်းတို့အနေဖြင့် ငွေကြေးမြောက်မြားစွာ ဆုံးရှုံးကြရမည် ဖြစ်၍ ပြသခွင့်ပြုပါရန် အာဏာပိုင်များထံ အသနားခံစာ တင်ပြ၊ အချို့ လက်ဆောင်များပေးပြီး လာဘ်ထိုးကြ၍ ဗီဒီယိုကားအချို့ ပြန်လည် ပြသခွင့်ရလာသည်။
ယခု ဇူလိုင် (၂၅) ရက် ရုံတင်မည့် ရင်ခုန်နှင်းဆီဇာတ်ကားသည် ပထမဦးဆုံး ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်သည်။ ရိုက်ကူးပြီး ဗီဒီယို၊ ရုပ်ရှင်များ ပြသခွင့် ရလာသော်လည်း ရုပ်ရှင်၊ ဗီဒီယိုရိုက်ကူးရေး အပါအ၀င် အနုပညာအလုပ် လုပ်ကိုင်ခွင့်များကိုမူ ဆက်လက်တားမြစ်ခံထားရဆဲ ဖြစ်သည်။
ကိုကျော်သူ ဦးဆောင်နေသည့် နာရေးကူညီမှုအသင်း (ရန်ကုန်) သည် နာရေးကူညီခြင်း၊ ဆေးခန်း ဖွင့်လှစ်၍ အခမဲ့ ဆေးကုသပေးခြင်း အပြင် လေဘေးသင့် ဒေသများတွင် အလောင်းများကို မီးသင်္ဂြိုဟ်ပေးခြင်း၊ ပြည်သူများကို ကူညီကယ်ဆယ်ပေးခြင်းတို့ကို လုပ်ကိုင်ဆောင်ရွက်လျက် ရှိသည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာတွင် မြန်မာနိုင်တ၀န်း၌ နအဖစစ်အစိုးရအား ဆန့်ကျင်သည့် သံဃာ တော်များဦးဆောင်သော အထွေထွေသပိတ်တိုက်ပွဲကြီး ဖြစ်ပွားခဲ့ပြီး စစ်အစိုးရ အာဏာပိုင်များက သံဃာတော်များနှင့် ပြည်သူများအား ပစ်ခတ်ရိုက်နှက် ဖမ်းဆီးခဲ့သည်။
NEJ/ ၂၄ ဇူလိုင် ၂၀၀၈